BREAKING
November 9, 2025

ရန်ကုန် ကားလေးစီးဆင့်တိုက်မှု သေဆုံးလေးဦးတွင် ကံပေါက်ဒေသက သားအမိနှစ်ဦးပါဝင်

October 8, 2023

ပုံစာ - ကားလေးစီးဆင့်တိုက်မှုအား ကူညီကယ်ဆယ်နေစဉ်။ Photo - ပုလဲအရန်မီးသတ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၌ ကားလေးစီးဆင့်တိုက်မှုကြောင့် သေဆုံးသူလေးဦးတွင် ကံပေါက်ဒေသတွင် နေထိုင်သူ သားအမိနှစ်ဦးပါဝင်ကြောင်း ကံပေါက်ဒေသခံများက ပြောသည်။

မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်ရှိ PT Power ဆီဆိုင်ရှေ့တွင် အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းက ကားလေးစီးဆင့်တိုက်ခြင်းဖြစ်သည်။

သေဆုံးသူလေးဦးတွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ သီရီမင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် ဒေါ်သန္တာအေးနှင့် ၎င်း၏ အသက် ၂နှစ်အရွယ် သမီးဖြစ်သူတို့ ပါဝင်ကြောင်း ကံပေါက်ဒေသခံများက ဆိုသည်။

“ကံပေါက်ရွာသားနဲ့ (ဒေါ်သန္တအေး) သူတို့ မိသားစုထဲက တစ်ယောက်က အိမ်ထောင်ကျပြီး သူတို့မိသားစုတွေက ကံပေါက်မှာနေတာကြာပြီ။ အခုလည်း အမျိုးတွေဆီအလည်သွားရင်း အက်ဆီးဒန့် ဖြစ်သွားတယ်” ဟု သေဆုံးသူ အမျိုးသမီးနှင့် တစ်ရပ်ကွက်တည်းနေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

သေဆုံးသူ သားအမိ၏ နာရေးကို ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ကားလေးစီးဆင့်တိုက်ရာတွင် Probox အမျိုးအစား တက္ကစီတွင် လိုက်ပါလာသူ ခြောက်ဦးအနက် လေးဦး သေဆုံးခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် ပုလဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“သူတို့က ထားဝယ်ကို ပြန်ဖို့ဆိုပြီးတော့ ရွှေပြည်သာကနေပြီး (Probox) တက္ကစီကို စင်းလုံးငှားလာတယ်ပေါ့။ ကားက ၄စီးဆင့်တိုက်ပြီး နေရာမှာတင် Probox မှာပါလာတဲ့ ၆ ယောက်မှာ ၃ယောက်က ပွဲချင်းပြီးဆုံးတယ်။ အမျိုးသမီးတွေ ချည်းပဲ။ ၂နှစ်သားကလေးကတစ်ယောက်၊ ကျန်၂ယောက်က အသက်၃၀ နဲ့ ၆၀ ပါ။ နောက်ထပ်ဆုံးတာကတော့ ခေါင်းခန်းမှာပါလာတဲ့ အသက် ၃၀ အရွယ်ကလေးအမေတယောက် ထပ်သေတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထောက်ကြန့်မြို့နယ်ဖက်မှ မြောက်ဥက္ကလာပမြို့နယ်ဖက်သို့ ဦးတည်လာသည့် လိုက်ထရပ်ကားတစ်စီးက ဆီဆိုင် အတွင်း ကွေ့ဝင်စဉ် နောက်တွင် လိုက်ပါလာသည့် အထည်ချုပ်စက်ရုံမှ ဝန်ထမ်းကြို့ပို့ကားနှင့် ရွှေမန္တလာ Express ကားတို့က ဘရိတ်အုပ်သော်လည်း Express ကား ဘရိတ်ပေါက်ပြီး တစ်ဘက်ယာဉ်ကြောမှ လာသည့် Probox ကားကို တိုက်မိပြီး ကားလေးစီးဆင့်တိုက်မိကြောင်း ၎င်းက ဆိုသည်။

ယင်းယာဉ်တိုက်မှုတွင် လမ်းဘေးထိုးကျသွားသည့် ဝန်ထမ်းကြိုပို့ကားပေါ်လိုက်ပါလာသူ အမျိုးသား၃ဦးနှင့် အမျိုးသမီး၁၇ဦးတို့လည်း ဒဏ်ရာရကြောင်း ပုလဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။