BREAKING
October 31, 2025

ပုလော ထမင်းမစားရွာရှိ စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူ

September 8, 2025

ပုံစာ – ပုလော ထမင်းမစားရွာရှိ စစ်အာဏာရှင်တပ်စခန်းကို သိမ်းယူခဲ့သည့် တော်လှန်ရေးပူးပေါင်းတပ်များ။ ဓာတ်ပုံ - KNU

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ စက်တင်ဘာလ ၈ရက်တွင် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်-ထားဝယ် ခရိုင်က ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ထမင်းမစားရွာရှိ အင်အား ၄၀ ခန့်ရှိသည့် စခန်းကို ယနေ့ နံနက် ၇နာရီတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင် တပ်သားအလောင်း သုံးလောင်းနှင့် သေနတ်တစ်လက်ရရှိပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ကရင်အမျိုးသားကာကွယ်ရေးမတော်-KNDO တပ်ရင်း (၇) တပ်ခွဲ (၅) တပ်ခွဲမှူး စောဗဟုက ပြောသည်။

“ကျန်တာကတော့ ဒဏ်ရာရတာ တော်တော်များများပဲ။ ပြီးတော့ သူတို့စခန်း ဆုတ်ခွာပြီးတော့ ထွက်ပြေးသွားတယ်။ အားလုံး အပြီးသိမ်းလိုက်ပြီ။ အားလုံးထိန်းချုပ်လိုက်ပြီ” ဟု ၎င်းက ပြောဆိုသည်။

ပူးပေါင်းတပ်များဘက်ကမူ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း စောဗဟုက ဆိုသည်။

ထမင်းမစားရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင် တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ၊ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ နှင့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထမင်းမစားစခန်းတွင် စစ်အာဏာရှင်တပ် ခြေလျင်တပ်ရင်း (ခလရ) ၂၈၀ တပ်ရင်းနှင့် အမြောက်တပ် (အမတ) ၃၀၉ တပ်ရင်းနှင့် အမှတ် (၁၂) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်များ အထိုင်ချထားကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

ထမင်းမစားကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းမှာ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံများ ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြသည်မှာ နှစ်ချီ ရှိနေပြီဖြစ်သည်။