ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လာမယ့်သောကြာ ONE ပွဲမှာ မြန်မာဖိုက်တာ အဲမွီကို ဒုခေါင်ပွဲစဉ်တည်ပေး

September 8, 2025

ONE Championship က လာမယ့်သောကြာနေ့မှာ ကျင်းပဖို့ရှိတဲ့ ONE Friday Fights 124 ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ အဲမွီကို ဒုခေါင်ပွဲအဖြစ် တည်ပေးလိုက်ပါပြီ။

မြန်မာဖိုက်တာ အဲမွီကို ထိုင်းဖိုက်တာ မမ်မို့နဲ့ ပွဲတည်ပေးထားတာပါ။ ဒီပွဲဟာ အဲမွီအတွက် အရမ်းကို အရေးကြီးပါတယ်။

အဲမွီဟာ အခုနောက်ပိုင်း ရလဒ်တွေ သိပ်မကောင်းလှပါဘူး။ နောက်ဆုံးထိုးခဲ့တဲ့ ၄ ပွဲမှာ မူဂါဆီတို ကို ကံကောင်းလို့ အနိုင်ရခဲ့တဲ့တစ်ပွဲကလွဲရင် ကျန်တဲ့ ၃ ပွဲကို အဲမွီ ရှုံးနိမ့်ထားပါတယ်။

အဲမွီ ဟာ Game Plan ပိုင်း အားနည်းလွန်းတာကြောင့် ဒီပွဲဟာ သူ့အတွက် အခက်တွေ့လာစရာ ရှိနေပါတယ်။ မာဂုဏ်ကို အားကိုးပြီး အတင်းဝင်ထိုးတဲ့ပုံစံကို အဲမွီ ဆက်သုံးရင် ရလဒ်ကောင်းဖို့က မလွယ်လောက်ပါဘူး။

ဒါကြောင့်လည်း ပွဲမရခင်ကတည်းက အဲမွီအနေနဲ့ ထိုင်းနိုင်ငံဆီကို အချိန်ယူသွားရောက်ပြီး လေ့ကျင့်ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။

အဲ့မွီ ရင်ဆိုင်ရမယ့် ထိုင်းဖိုက်တာ မမ်မို့ ဟာ အလားအလာကောင်းတွေနဲ့ ပြည့်နှက်နေသူပါ။ ထိုးကွက်စုံသလို တိုက်စစ်ကစားတာလည်း အတော့်ကို သဘောကျစရာကောင်းပါတယ်။

ONE Championship ၃ ပွဲထိုးတာမှာ မမ်မို့က နှစ်ပွဲနိုင်ပြီး တစ်ပွဲရှုံးထားပါတယ်။ ရှုံးတဲ့ပွဲက အမှတ်ဆုံးဖြတ်ချက်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ အနိုင်ရတဲ့ နှစ်ပွဲလုံးကို မမ်မို့က အလဲထိုးတွေနဲ့ အနိုင်ရထားပါတယ်။

ဒါကြောင့်လည်း အဲမွီအနေနဲ့ မမ်မို့ ကို သတိကြီးကြီးထားပြီး ကစားရမယ်လို့ သုံးသပ်ရတာဖြစ်ပါတယ်။ မမ်မို့နဲ့ အဲမွီတို့ဟာ စက်တင်ဘာလ ၁၂ ရက်(လာမယ့် သောကြာနေ့)ကိုရောက်ရင် ကျင်းပမယ့် ONE Friday Fights 124 ပြိုင်ပွဲကြီးရဲ့ ဒုခေါင်တွဲဆိုင်းအဖြစ် ထိုးကြမယ်လို့ ONE Championship က သတင်းထုတ်ပြန်ထားပါတယ်။

Source – ONE Championship