ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ကိုယ်ပိုင်လေယာဉ်သည် ယနေ့ ညနေ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် စင်ကာပူနိုင်ငံတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူရန်အတွက်ဟုဆိုကာ စက်တင်ဘာလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှတစ်ဆင့် ကိုယ်ပိုင်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
သို့သော် သက်ဆင်လိုက်ပါလာသော လေယာဉ်သည် စင်ကာပူလေဆိပ်သို့ ဆင်းသက်ခြင်းမရှိဘဲ လမ်းကြောင်းပြောင်း၍ ဒူဘိုင်းလေဆိပ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ကျန်းမာရေးစစ်ဆေးမှုခံယူမည်ကို အကြောင်းပြ၍ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့သည်ဟု ပြည်သူများအကြား ပြောဆိုဝေဖန်မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင်မူ သက်ဆင်၏ လေယာဉ်သည် ဒူဘိုင်းမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့သည်ကို တွေ့ရသည်။
ထို့နောက် ယနေ့ နေ့လယ်ပိုင်းတွင် စင်ကာပူလေဆိပ်မှ ပြန်လည်ထွက်ခွာလာခဲ့ပြီး ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မနက်ဖြန် စက်တင်ဘာလ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ထောင်ကျနေသည့်အချိန်က ရဲဆေးရုံတွင် နေထိုင်ခဲ့မှုနှင့် ပတ်သက်၍ တရားရုံးတွင် ကြားနာရမည်ဖြစ်သည်။
Ref: Khaosod English, Thai Enquirer