ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က တောင်ရင်းအင်းရွာတွင် နေအိမ် ၂၀ ခန့်ကို မီးရှို့သွားကြောင်း ဒေသခံများထံမှသိရသည်။
သြဂုတ်လ ၂၄ ရက်မှစ၍ စက်တင်ဘာလ ၂ ရက်အတွင်း ဖားချောင်းကျေးရွာအုပ်စု၊ တောင်းရင်းအင်းရွာတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်က ရွာလယ်ပိုင်းရှိ နေအိမ်နှစ်ဆယ်ကို မီးရှို့သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
” အကုန်လုံး နှစ်ဆယ်လောက်အရှို့ခံရတယ်။ ကျွန်တော့်အိမ်အပါအဝင် ဆယ်လုံးက လုံးဝပြာကျသွားတယ်။ ဘုန်းကြီးကျောင်းမှာ သွားထားခဲ့တဲ့ ဆိုင်ကယ်တွေကိုလည်း အင်ဂျင်ဝိုင်တွေ ဖောက်ပြီး သဲတွေထည့်ခဲ့တယ်။ ပစ္စည်းသယ်တာတော့ မရှိဘူး။ အကုန်ဖျက်ဆီးခဲ့တာပဲရှိတယ် “ ဟု အိမ်မီးရှို့ခံရသူတစ်ဦး ကပြောသည်။
စစ်အာဏာရှင်တပ်သားများသည် စက်တင်ဘာလ ၂ ရက်နေ့နောက်ပိုင်းတွင် ကျေးရွာအတွင်း နေထိုင်ခြင်း မရှိတော့သော်လည်း မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသဖြင့် အချိန်မရွေးတိုက်ပွဲ ထပ်ဖြစ်နိုင်၍ တောင်ရင်းအင်းနှင့် ဆယ်အိမ်စုရွာများမှ ဒေသခံများ နေရပ်မပြန်ကြသေးပေ။
စစ်အာဏာရှင်တပ်သားများ ပြန်ဆုတ်ခွာသွားစဥ် ရွာအတွင်း ပိတ်မိနေသည့် အသက် ၅၀ ဝန်းကျင် တောင်ရင်းအင်းရွာသား အမျိုးသား နှစ်ဦးကို ယင်းစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယနေ့အထိပြန်လွတ်လာခြင်း မရှိသေးကြောင်း ၎င်းတို့နှစ်ဦးနှင့် နီးစပ်သူများကပြောပြသည်။
ဖားချောင်းရွာတွင်မူ ရွာသားအချို့ နေ့ဘက်အိမ်ပြန်ကြ၍ ညဘက်တွင် အိမ်တွင်မအိပ်ရဲဘဲ တိမ်းရှောင်ကာ အိပ်နေရဆဲဖြစ်ကြောင်း တိမ်းရှောင်နေရသူများထံမှသိရသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာသည့် ဆယ်ရက်ဝန်းကျင်အတွင်း ဖားချောင်းကျေးရွာအုပ်စု၌ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲ ခြောက်ကြိမ်ထင်မနည်း ဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်ဟု သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများက သတင်းထုတ်ပြန်ထားသည်။







