အသက် ၆၈ နှစ်အရွယ် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘာသည် ရာထူးမှ နုတ်ထွက်ကြောင်း ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေညာလိုက်သည်။
ကမ္ဘာ့စတုတ္ထအကြီးဆုံးဖြစ်သည့် ဂျပန်စီးပွားရေး မတည်မငြိမ် ဖြစ်နေချိန်တွင် ဝန်ကြီးချုပ် နုတ်ထွက်မှုကြောင့် အစိုးရမူဝါဒမှာ ကာလရှည် မရေရာသည့်အခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
ဂျပန်အပေါ် ကုန်သွယ်စည်းကြပ်ခွန်များကို လျှော့ချပေးရန် အမေရိကန်အစိုးရနှင့် နောက်ဆုံးအသေးစိတ်အချက်များကို သဘောတူညီချက်ရယူနိုင်ခဲ့ပြီးနောက် ၎င်းနုတ်ထွက်တော့မည် ဖြစ်ကြောင်း အီရှိဘာက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပါတီခေါင်းဆောင်သစ်ကို အလျှင်အမြန်ရွေးချယ်ရန် အီရှိဘာက ၎င်း၏ လစ်ဘရက်ဒီမိုကရယ်တစ်ပါတီကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
၎င်းအား ဆက်ခံမည့် ပါတီခေါင်းဆောင်သစ်ပေါ်ထွက်မလာခင် အချိန်အထိ မိမိ၏ တာဝန်များကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း အီရှိဘာက ပြောသည်။
“ခေါင်းဆောင်မှုကို နောက်မျိုးဆက်ဆီ ကျွန်တော် လွှဲပြောင်းပေးချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်၍ အဓိကအခက်အခဲတစ်ခု ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းသို့ ပြောကြားစဉ် ၎င်း၏ အသံမှာ စိတ်ထိခိုက်လှုပ်ရှားမှု ပေါ်လွင်နေကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
ဝန်ကြီးချုပ်သက်တမ်း တစ်နှစ်မပြည့်သေးသည့် အီရှိဘာ အာဏာရလာချိန်မှစ၍ ၎င်း၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ညွန့်ပေါင်းအစိုးရသည် လွှတ်တော်နှစ်ရပ်စလုံး၏ ရွေးကောက်ပွဲတွင် မဲအများစုကို ဆုံးရှုံးခဲ့သည်။
လူနေမှုစရိတ်မြင့်တက်လာမှုကြောင့် မဲဆန္ဒရှင်များ၏ မကျေနပ်ချက်ကြီးထွားလာမှုအကြား ယင်းသို့ ရွေးကောက်ပွဲအရှုံးရလဒ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကာလတစ်ခုနီးပါး အာဏာရပါတီ ဖြစ်ခဲ့သည်။
ဇူလိုင်လတွင် အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ၎င်း၏ ပါတီ ရှုံးနိမ့်ခဲ့ပြီးကတည်းက ဝန်ကြီးချုပ် အီရှိဘာ ရာထူးမှ နုတ်ထွက်ပေးရေး တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်သစ်ကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ရွေးချယ်သွားရန် ရက်သတ်မှတ်ထားကြောင်း သိရသည်။
Source: Reuters 







