သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိ နေအိမ်သုံးဆယ်ကျော်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မိုးရွှေကုန်းကျေးရွာနှင့် အနီးဝန်းကျင်ကို စစ်ကြောင်းထိုးပြီးထွက်လာသည့် အင်အားတစ်ရာကျော်ပါ စစ်အာဏာရှင်တပ်စစ်ကြောင်းက စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ခရီးသည်တင်ယာဥ်များကို အသုံးပြုပြီးလာကြသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက ရန်တောင်ကျေးရွာအနီးတွင် တိုက်ခိုက်ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်မီးရှို့သွားခြင်းဖြစ်ကြောင်း ရန်တောင်ရွာခံတစ်ဦးက ဆိုသည်။
“လူမရှိတဲ့အိမ်တွေကို ရှို့သွားတာ။ အချို့အိမ်တွေကတော့ လူရှိလည်း သူတို့ခေါ်ထုတ်တာကို ကြောက်ပြီး ထွက်မတွေ့တော့ ရှို့သွားတယ်။ နေကလည်းပူနေတော့ မီးလောင်တာပိုဆိုးသွားတယ်” ဟု ၎င်းက ပြောသည်။
အကြမ်းဖျင်းရေတွက်မှုအရ ရန်တောင်ကျေးရွာတွင် မီးရှို့ခံရသည့်နေအိမ် ၂၉ ဆောင်ထက်မနည်းရှိပြီး သင်းကျွန်းရွာတွင် ၈ ဆောင်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံမှတ်တမ်းများအရ မီးရှို့ခံရသည့် နေအိမ်များတွင် နှစ်ထပ်တိုက်အိမ်အကြီးများ၊ တစ်ထပ်တိုက်အိမ်များ၊ တိုက်ခံပျဥ်ထောင်အိမ်များ စသည့် အိမ်အမျိုးမျိုးပါဝင်သည်ကို တွေ့ရသည်။
အဆိုပါစစ်အာဏာရှင်တပ်သားများက ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိနေအိမ်များကို မီးရှို့ပြီးနောက်မှာ သရက်နှစ်ခွကျေးရွာဘက်ကိုထွက်ခွာသွားပြီး သရက်နှစ်ခွရွာ ပတ်ဝန်းကျင်တွင် လက်ရှိအချိန်အထိရှိနေသေးကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။






“ပြန်တက်လာနေတယ်ကြားလို့ သင်းကျွန်းက လူတွေလည်း ပြန်ပြေးနေတယ်။ ရွာထဲမှာ လူသိပ်မကျန်တော့ဘူး။ လူမရှိရင် အိမ်မီးရှို့ခံထိမှာစိုးလို့ လူကြီးတွေတော့ နေခဲ့ရတာမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းက ဩဂုတ်လနှောင်းပိုင်းကလည်း သရက်ချောင်းမြို့နယ်ရှိ စော်ဖျား၊ မိုးရွှေကုန်း၊ ဥတ္တူ စသည့်ကျေးရွာများကို စစ်ကြောင်းထိုးပြီး နေအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကာ အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားသည်။







