မန်ယူဂိုးသမား အိုနာနာ ဟာ တူရကီကလပ် ထရက်ဇွန်စပေါအသင်းဆီကို တစ်နှစ်သက်တမ်း အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါပြီ။
အသင်းနှစ်သင်းအကြားမှာ ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အိုနာနာ ဟာ ပွဲထွက်ကစားခွင့်ရလိုတဲ့အတွက် အပြောင်းအရွှေ့ကို လက်ခံသဘောတူပေးလိုက်ရပြီဖြစ်ပါတယ်။
မန်ယူနည်းပြ အေမိုရင်ဘက်က အိုနာနာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့ မရှိတော့တဲ့အကြောင်း အတိအလင်း အသိပေးလိုက်အပြီးမှာ အိုနာနာဘက်က အငှားပြောင်းရွှေ့ဖို့ လက်ခံသွားခဲ့တာဖြစ်ပါတယ်။
အိုနာနာ ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ကင်မရွန်းလက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး ကစားခွင့်ရလိုတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ပေးအပ်မယ့် ထရက်ဇွန်စပေါဆီကို အငှားပြောင်းဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။
အိုနာနာဘက်က စာချုပ်တွေ လက်မှတ်ရေးထိုးပြီးစီးသွားခဲ့ပြီဖြစ်လို့ သိပ်မကြာခင်မှာပဲ အသင်းဆီကို အိုနာနာ လာရောက်ပူးပေါင်းတော့မှာဖြစ်ကြောင်း ထရက်ဇွန်စပေါအသင်းဘက်ကလည်း သတင်းထုတ်ပြန်ထားပြီဖြစ်ပါတယ်။
အိုနာနာအတွက် ထရက်ဇွန်စပေါနဲ့ မန်ယူအသင်းတို့အကြားမှာချုပ်ဆိုထားတဲ့စာချုပ်အရ အပြီးသတ်ဝယ်ယူခွင့် ဒါမှမဟုတ် အငှားကြေးပေးခွင့် စတာတွေ မပါရှိဘဲ တစ်နှစ်သက်တမ်းရှိတဲ့ အငှားစာချုပ် သီးသန့်သက်သက်သာဖြစ်တယ်လို့ သိရှိရပါတယ်။
ထရက်ဇွန်စပေါ ဟာ အိုနာနာရဲ့လုပ်ခလစာကို အစိတ်အပိုင်းတစ်ရပ်ပေးချေဖို့ သဘောတူညီချက်နဲ့ ဒီဂိုးသမားကို မန်ယူဆီကနေ အငှားခေါ်လိုက်တာဖြစ်ပါတယ်။







