BREAKING
October 31, 2025

ဂျိုတာအတွက် ၂၁ မိနစ်မှာ ဂိုးသွင်းပေးခွင့်ရချင်တယ်လို့ ပြောပြီးဖြစ်အောင်လုပ်ပြခဲ့တဲ့ စီရော်နယ်ဒိုကို နည်းပြမာတီနက်ဇ် ချီးကျူး

September 8, 2025

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တို မာတီနက်ဇ်က စီရော်နယ်ဒိုဟာ ပွဲကစားခင် ဂျိုတာအတွက် အမှတ်တရဖြစ်အောင် ၂၁ မိနစ်မှာ ဂိုးရအောင် သွင်းပေးချင်တယ်လို့ သူ့ကို ပြောသွားခဲ့ပြီး တကယ်လည်းပဲ ဖြစ်အောင်လုပ်ပြသွားတယ်လို့ ချီးကျူးစကားပြောသွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပေါ်တူဂီက အာမေးနီးယားကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းအတွက် ဒုတိယမြောက်ဂိုးကို ပွဲကစားချိန် ၂၁ မိနစ်အရောက်မှာ သွင်းပေးသွားခဲ့တာဖြစ်ပြီး ဒီဂိုးဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကျောနံပါတ် ၂၁ ကို ဝတ်ဆင်ကစားပေးခဲ့သူ ဂျိုတာအတွက် ရည်ညွှန်းတဲ့ဂိုးလို့ စီရော်နယ်ဒိုက ပြောသွားခဲ့ပါတယ်။

ဂျိုတာနဲ့ သူ့ရဲ့ ညီဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၃ ရက်နေ့က စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါပြီး စီရော်နယ်ဒိုကတော့ “ဂျိုတာဟာ အသင်းနဲ့အတူ မခွဲအမြဲ ထာဝရတည်ရှိသွားမယ့်ကစားသမားသာဖြစ်ကြောင်း”ပွဲအပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီက အာမေးနီးယားကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ခြေစစ်ပွဲမှာ အယ်လ်နတ်စ်ဆာတိုက်စစ်အတွဲဖြစ်တဲ့စီရော်နယ်ဒိုနဲ့ ယောင်အိုဖီးလစ်ခ်တို့ တွဲဖက်ညီညီ အစွမ်းပြသွားခဲ့ပြီး ပေါ်တူဂီအတွက် ယောင်အိုဖီးလစ်ခ်က နှစ်ဂိုး၊ စီရော်နယ်ဒိုက နှစ်ဂိုးနဲ့ ကန်ဆယ်လိုက တစ်ဂိုး သွင်းပေးသွားခဲ့ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တို မာတီနက်ဇ်က “ဂျိုတာအတွက် စီရော်နယ်ဒိုက အရမ်းပဲ လုပ်ပြချင်တာတွေ ရှိခဲ့တယ်။ သူက အသင်းခေါင်းဆောင်လည်းဖြစ်တယ်လေ။ ၂၁ မိနစ်မှာ ဂိုးသွင်းနိုင်ရင် သိပ်ကောင်းမှာပဲလို့ သူက ကျွန်တော့်ကို ပြောခဲ့တယ်။ ဂျိုတာအတွက် အဲ့ဒီလိုအမှတ်တရမျိုးဖြစ်သင့်တာလို့လည်း သူက ပြောခဲ့ပါသေးတယ်။ သူ့ဆန္ဒကို ဘုရားသခင် သိသွားပုံပါပဲ။ တကယ်လည်း ခွင့်ပြုပေးခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ လုပ်ပြသွားနိုင်ခဲ့တယ်။ ၂၁ မိနစ်မှာ ဂိုးသွင်းပြီး ဂျိုတာအတွက် သူ ရည်စူးသွားနိုင်ခဲ့တယ်။ တကယ့်ကို အံ့အားသင့်စရာပါပဲ”လို့ ပြောသွားခဲ့ပါတယ်။