ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာဒုက္ခသည်များခိုလှုံနိုင်မည့် ဘေးကင်းလုံခြုံရေးဇုန်တည်ထောင်ရန် ထိုင်းအတိုက်အခံပါတီနှစ်ခုဖြစ်သည့် Move Forward နှင့် The Fair ပါတီတို့၏ အဆိုပြုချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ယင်းအဆိုပြုချက်အရ ဘေးကင်းလုံခြုံရေးဇုန် (Safety Zone) ကို နယ်စပ်မှ ၅ ကီလိုမီတာအထိ တိုးချဲ့မည်ဖြစ်ပြီး မြန်မာဒုက္ခသည်များ ခိုလှုံနိုင်သော လူသားချင်းစာနာထောက်ထားမှုစင်္ကြံတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါနှစ်ပါတီ တာဝန်ရှိသူတို့က စက်တင်ဘာလ ၇ ရက်နေ့တွင် မီဒီယာများသို့ ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် ထိုင်းနိုင်ငံအတွင်းသို့ ပျံ့နှံ့လာနေခဲ့ပြီး အဆိုပါဒေသများရှိ ထိုင်းပြည်သူများအား ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်စေကြောင်း ၎င်းတို့က ပြောသည်။
ဥပမာ အနေဖြင့် မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့များကို ထိုင်းနိုင်ငံဘက်ခြမ်း တာခ့်ခရိုင်တောင်ပိုင်းရှိ ဥဖန်းဒေသတွင် ဩဂုတ်လ ၃ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း ထောက်ပြသည်။
ပြီးခဲ့သောနှစ်ကလည်း နယ်စပ်ရှိ မြန်မာတော်လှန်ရေးအဖွဲ့များကို စစ်ဆင်ရေးပြုလုပ်နေသော မြန်မာစစ်တပ် ဂျက်လေယာဉ်တစ်စင်းသည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ပြောဆိုသည်။
လူသားချင်းစာနာမှုစင်္ကြံတည်ဆောက်ရေးနှင့် ဒေသတွင်း ပဋိပက္ခပျံ့နှံ့လာမှုများကို ကာကွယ်ရေးအတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံများကလည်း ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံ အတွင်းရှိ အဖွဲ့အစည်းများနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံကြရန် The Fair ပါတီ၏ အထွေထွေအတွင်းရေမှူး Kannavee Suebsang က တိုက်တွန်းထားသည်။
၎င်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖောင်ဒေးရှင်းများတွင် ကူညီဆောင်ရွက်နေသူဖြစ်ပြီး ပြီးခဲ့သော ဩဂုတ်လတွင် လူသားချင်းစာနာထောက်ထားမှုစင်္ကြံဖွင့်လှစ်နိုင်ရေး ထိုင်းလွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သူလည်း ဖြစ်သည်။
နှစ်နိုင်ငံနယ်နမိတ်ထဲက ၅ ကီလိုမီတာအကွာအဝေးကို အညီအမျှသတ်မှတ်ပေးရန် မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးရန် လိုအပ်ပြီး လူသားချင်းစာနာထောက်ထားမှုစင်္ကြံဖွင့်လှစ်နိုင်ပါက နယ်စပ်ရှိပြည်သူများ ဘေးကင်း စေနိုင်သကဲ့သို့ ဒုက္ခသည်များလည်း ခိုလှုံရန် နေရာရရှိသွားမည်ဖြစ်ကြောင်း ၎င်းက လွှတ်တော်တွင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
Ref: Thai Enquirer