စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ယနေ့ သြဂုတ်လ ၈ရက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် ပြည်သူများ ဆန္ဒဖော်ထုတ်ကြကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတင်းထုတ်ပြန်သည်။
၃၇ နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ချီတက်ပွဲပြုလုပ်ရာတွင် ပြည်သူ ရာချီပါဝင်ပြီး ကားများ၊ ဆိုင်ကယ်များဖြင့် ကျေးရွာလမ်းမများပေါ် စီတန်းလှည့်လည်ခဲ့ကြသည်ကို ဓာတ်ပုံမှတ်တမ်းများဖြင့် တကွ ထုတ်ပြန်ထားသည်။
ချီတက်ဆန္ဒဖော်ထုတ်ရာတွင် “အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲ အလိုမရှိ” ၊ “စစ်အာဏာရှင်စနစ်အလိုမရှိ”၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တို့အရေး” စသည့် အချက်များကို ကြွေးကြော်ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါချီတက်ဆန္ဒဖော်ထုတ်မှုကို လောင်းလုံးမြို့နယ် ပအဖက ဦးဆောင်လုပ်ဆောင်ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ် ပအဖ တာဝန်ခံက ပြောသည်။
“(ရှစ်လေးလုံးအရေးတော်ပုံနေ့) ဒီအထိမ်းအမှတ်ရယ်၊ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့ပေါ့။ အဓိက ကတော့ ပအဖ ဦးဆောင်ပြီးတော့ ရှစ်လေးလုံးအထိမ်းအမှတ်နေ့မှာ ရွေးကောက်ပွဲအတွက် ပြတာပေါ့” ဟု ၎င်းက ပြောဆိုသည်။







