ထားဝယ်တွင် ယခုနှစ်မိုးရာသီ နှစ်လကျော်ကာလအတွင်း အသက် ၅ နှစ်အောက် ကလေးသေဆုံးမှု ဆက်တိုက်ရှိနေပြီး မေလဆန်းမှ ဇူလိုင်လပထမပတ်အတွင်း သေဆုံးသူ ၈ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
အများစုမှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးကြခြင်းဖြစ်ပြီး အဖျားပိုးဦးနှောက်ထဲရောက်ကာ သေဆုံးရခြင်းမျိုးလည်းရှိကြောင်း သိရသည်။
ထားဝယ်မြို့ပေါ်တွင် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းတွင် အသက် ၅ နှစ်အရွယ်ရှိ ကလေးတစ်ဦး ထပ်မံ သေဆုံးခဲ့ရသည်။
အဆိုပါကလေးမှာ ထားဝယ်မြို့ ကရပ်ပြင်မြောက်အရပ်တွင် နေထိုင်သူဖြစ်ပြီး ယမန်နေ့ညနေပိုင်းတွင် အပြင်းဖျားရာမှ ကိုယ်ပူချိန်တက်ခြင်း၊ ဝမ်းလျောခြင်းတို့ဖြစ်ကာ သေဆုံးခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ကလေးက တက်တယ်ပေါ့နော်။ ဦးနှောက်ထဲ ပိုးဝင်သွားတယ်လို့ပြောတယ် သွေးလွန်တုပ်ကွေးကတော့ မပေါ်ဘူးလို့သိရတယ်”ဟု ယင်းအမျိုးသားကပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၅ ရက်နေ့တွင် ထားဝယ်ဆေးရုံကြီး၌ ယင်းကဲ့သို့သော လက္ခဏာဖြင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရသေးသည်။
သို့သော်အဆိုပါကလေးငယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
ယခုနှစ်မိုးရွာသီတွင် ထားဝယ်မြို့အတွင်းရှိ ပြည်သူဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ၊တပ်ဆေးရုံတို့ ၌ သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် ကလေးလူနာများကြောင်း သိရှိရသည်။
လူနာများလွန်းခြင်းကြောင့် ရောဂါမပြင်းထန်သည့် ကလေးများကို အဆိုပါဆေးရုံများ၌ နေဘက်သာ ဆေးသွင်းကုသမှုခံယူစေပြီး ညဘက်တွင် နေအိမ်၌ ပြန်လည်အနားယူစေခဲ့ကြောင်း လူနာရှင်များထံမှ စုံစမ်းသိရှိရသည်။
မေလဆန်းမှ ဇူလိုင်လ ပထမပတ်အထိ ထားဝယ်ခရိုင်တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ဆက်စပ်ရောဂါများဖြင့် သေဆုံးသည့်ကလေးမှာ ၉ ဦးအထိရှိလာပြီဖြစ်သည်။ ယင်းကလေး ၉ ဦး၌ အသက် ၁၇ နှစ်အရွယ်ရှိ ဆယ်ကျောက်သက်အရွယ် တစ်ဦးပါဝင်ပြီး ကျန်ရှစ်ဦးမှာ အသက် ၅ နှစ်အောက် ကလေးများဖြစ်သည်။