BREAKING
October 20, 2025

လောင်းလုံးမြောက်ပိုင်းက စစ်ဘေးရှောင် တစ်ထောင်ခန့် နေရပ်ပြန်မရသေးဘဲ အကူအညီလို

July 8, 2025

ပုံစာ - လောင်းလုံးမြောက်ပိုင်း မှ စစ်ဘေးရှောင်များ။ ဓာတ်ပုံ - ပေးပို့ ။

တိုက်ပွဲများမရှိတော့သော်လည်း လောင်းလုံးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာနှစ်ရွာမှ စစ်ဘေးရှောင် တစ်ထောင်ခန့် နေရပ်ပြန်မရသေးဘဲ အကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများနှင့် ရွာသားများထံမှသိရသည် ။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ဇူလိုင်လ ၁ ရက်က လောင်းလုံးမြို့နယ် ၊ ဖွားဘုတ်ပြင်ရွာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖွားဘုတ်ပြင်ရွာအပါအဝင် ပတ်ဝန်းကျင်ရွာ ဆယ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ဘေးရှောင်ဒေသခံများက ဆိုသည် ။

ဇူလိုင်လ ၇ ရက်အထိ ဖွားဘုတ်ပြင်ရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများဆက်ရှိနေပြီး ပန်းတက်အင်းရွာနှင့် ဖွားဘုတ်ပြင်ရွာအကြားရှိ တောလမ်းတွင်လည်း စစ်ကောင်စီတပ်၏ ကင်းပုန်းအချို့ ကျန်နေသေးကြောင်း ယင်းရွာခံများထံမှသိရသည် ။

ယင်းကြောင့် တိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအကြာတွင် ပတ်ဝန်းကျင် ကျေးရွာများ နေရပ်ပြန်နေကြသော်လည်း ဖွားဘုတ်ပြင်ရွာနှင့်ဘူချိုင်းရွာ ကျေးရွာနှစ်ရွာမှ ဒေသခံတစ်ထောင်ခန့် နေရပ်ပြန်နေ၍ မရဖြစ်နေပြီး အကူအညီလိုအပ်နေကြောင်း ရှောင်တိမ်းနေရသည့် ရွာသားများကဆိုသည် ။

” အခက်ခဲတာကတော့အများကြီးရှိတယ်။ အဲဒီထဲမှာမှ စားစရာတော့ပိုခက်ခဲတာပေါ့နော်။ ကျွန်တော်တို့က အလုပ်လုပ်မှစားရတဲ့သူတွေဆိုတော့ အခုကအလုပ်လည်းလုပ်လို့မရဘူးဆိုတော့ အစားအသောက်ကတော့ အတော်လေးခက်ခဲတယ် ” ဟု ဖွားဘုတ်ပြင် ရွာသားတစ်ဦး ကပြောသည် ။

ယင်းအပြင် တိုက်ပွဲဖြစ်သည့်နေ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်အချို့တွင် လက်နက်ကြီး ကျည်စထိမှန်၍ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။

နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေရသဖြင့် အမိုးအကာ ၊ ရိက္ခာနှင့်ဆေးဝါးလည်း အခက်အခဲရှိကြောင်း လောင်းလုံးမြောက်ပိုင်းက စစ်ရှောင်များအား ကူညီဆောင်ရွက်ပေနေသူတစ်ဦး ကပြောသည် ။

“အခုလက်ရှိ လုံခြုံတဲ့ နေရာတွေမှာ စစ်ရှောင် တစ်ထောင် နီးပါးရှိတယ်။ သူတို့အတွက် ရိက္ခာနဲ့ ဆေးဝါးတွေ အခက်အခဲကြုံနေတယ်။ မိုးကလည်းဆက်တိုက်ရွာနေတော့။ မိုးကာတွေ တာလပတ်တွေလည်း ခက်ခဲတယ်ပေါ့။ အဓိကကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပါ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် အကူအညီပေးထားတယ်ဆိုပေမယ့် ရက်ကြာလာတာနဲ့အမျှ အခက်အခဲရှိလာပါတယ်” ဟု ၎င်းကပြောဆိုသည် ။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေအားကောင်းနေပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေမှုကြောင့် တနင်္သာရီတိုင်းတွင် နောက်နှစ်ရက်အထိ နေရာကွက်၍ မိုးကြီးမည်ဟု စစ်ကောင်စီ၏ မိုးဇလက ခန့်မှန်းထားသည် ။