BREAKING
October 18, 2025

ထီးခီးနယ်စပ်ဒေသတွင် ကုန်စိမ်းကားများ ဝင်ရောက်ရောင်းချရန် ထိုင်းဘက်ကခွင့်ပြု

July 8, 2025

ပုံစာ - ထီးခီးနယ်စပ်တစ်နေရာ(ပုံဟောင်း)

ထားဝယ်မြို့နယ်ရှိ ထိုင်း-မြန်မာ ထီးခီးနယ်စပ်ဒေသသို့ ကုန်စိမ်းကားများ ဝင်ရောက်ရောင်းချရန် ထိုင်းဘက်က ခွင့်ပြုထားကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။

နှစ်နိုင်ငံ ကုန်စည်တင်ပို့ရောင်းချမှုနှင့် လူအဝင်အထွက်ကို တရားဝင်ခွင့် မပြုသေးသော်လည်း ထိုင်းနိုင်ငံဘက်ခြမ်း ဖူနန်ရွမ်ရွာနှင့် ထီးခီးကျေးရွာနှစ်ရွာကို ကုန်စိမ်းကားများ ဝင်ထွက် ကုန်သွယ်ရောင်းချမှုကိုမူ ဇူလိုင်လ ၅ရက်က စတင်ကာ ထိုင်းဘက်က ခွင့်ပြုထားကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“ဘာလို့လဲဆိုတော့ အဲဒီထီးခီးဒေသမှာရှိတဲ့လူထုတွေက အစစအရာရာ စားဝတ်နေရေးက အစားအစာတွေကို ထိုင်းဘက်ကို မှီခိုနေရတာကြောင့်ပေါ့နော်၊ သူတို့က လူမှုရေးရှုဒေါင့်အနေနဲ့ ခွင့်ပြုပေးတာ။ လူ အဝင်အထွက်တော့ မရဘူး။ ဒီနယ်စပ် ဖွင့်ဖို့ကတော့ ကျွန်တော်တို့ကြိုးပမ်းတာတော့ မဟုတ်ဘူး။ ထိုင်းနိုင်ငံရဲ့ သူ့ရဲ့ ရွာနီးချင်းက လူမှုရေးအနေနဲ့ သူတို့မူဝါဒ ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ထီးခီးမှ ထားဝယ်အထိ သွားလာ၍ မရသေးသည့်အနေအထားတွင် ရှိနေသေးသဖြင့် ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ် တရားဝင်ပြန်လည်ဖွင့်လှစ်နိုင်ရန် အခြေအနေမရှိသေးကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။

၂၀၂၄ ခုနှစ်တွင် KNU တပ်မဟာ(၄)၊ တပ်မဟာ(၆) လက်အောက်ခံ KNLA တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ်များက ကျောက်ထု၊ မောထ၊ အောင်သာဝရစခန်းများကို တိုက်ခိုက်သိမ်းယူခဲ့သည်။

ယခု ၂၀၂၅ခုနှစ် ဧပြီလ ၁၉ ရက်တွင် ထီးထစခန်း၊ မေလ ၉ ရက်တွင် ထီးခီးနယ်စပ်စခန်း၊ ဇွန်လ ၁၀ ရက်တွင် ဗောဓိစခန်း၊ ယနေ့ ဇူလိုင်လ ၇ ရက်တွင် သုခစခန်းတို့ကို KNLA ၊ KNDO နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားသည်။

ယင်းအပြင် ထောမဖြိုး၊ ကမာပလော၊ ဟိန္ဒားစခန်းနှင့် ငရံ့နီစခန်းများကိုမူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားသည်။ ထားဝယ်ခရိုင်နှင့် ထိစပ်နေသည့် ထိုင်းနယ်စပ်တွင် စစ်ကောင်စီတပ်၏ နတ်အိမ်တောင်စခန်းတစ်ခုသာ ကျန်ရှိတော့သည်။

နယ်စပ်ဒေသများကို ထိန်းချုပ်ပြီးနောက် ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပြန်လည် ဖွင့်လှစ်နိုင်ရန် KNU ဗဟိုက ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။