BREAKING
October 20, 2025

ထားဝယ်တွင် ဇူလိုင်ပထမပတ်အတွင်း လူငယ်များ ဆက်တိုက်ဖမ်းဆီးခံရ

July 8, 2025

ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်က ဇူလိုင်လ ပထမပတ်အတွင်း လူငယ်ငါးဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း မြို့ခံများ၊ ဖမ်းဆီးခံရသူမိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ဇူလိုင်လ ၂ရက်မှ ၇ရက်အထိ ငါးရက်တာအတွင်း ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဇူလိုင်လ ၇ရက် နံနက် ၉နာရီတွင် ထားဝယ်မြို့၊ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်၌ ဖြတ်သွားသည့် လောင်းလုံးဒေသခံ လူငယ်အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ဆိုသည်။

“အလုပ်သွားတုန်းတဲ့အချိန် အဖမ်းခံရတာပါ” ဟု ဖမ်းဆီးခံရရာတွင် ပါဝင်သူတစ်ဦး၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရသူသုံးဦးအနက် တစ်ဦးမှာ အင်းဝန်းရွာသား ကိုနိုင်နိုင်ဦးဖြစ်ပြီး နောက်ထပ်နှစ်ဦးမှာ သာယာကုန်းနှင့် ကမြောကြီးရွာသားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကိုနိုင်နိုင်ဦးဆိုရင် ကလေးနှစ်ယောက်နဲ့ ရောဂါသည်ဇနီးကို လုပ်ကျွေးနေတယ်။ သူ့သမီးက လေးနှစ်တစ်ယောက်၊ သားက ခြောက်နှစ်တစ်ယောက်၊ သူ အဖမ်းခံရတယ်ဆိုတော့ မိသားစုက ဘယ်လိုစားသောက်မလဲ” ဟု မိသားစုနှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းနေ့ ညပိုင်းနေပိုင်းတွင် ကမြောကြီးရွာသား လူငယ်အမျိုးသားဖြစ်သူမှာမူ ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။ ကျန်နှစ်ဦးမှာမူ ယနေ့ ဇူလိုင် ၈ရက် မွန်းလွဲပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ Dawei Watch က စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

ဇူလိုင်လ ၂ရက် ညကလည်း စစ်ကောင်စီတပ်နှင့် ပူပေါင်းအဖွဲ့သည် ထားဝယ်မြို့ရှိ ပိန္နဲတောရပ်ကွပ်နှင့် ဆန်းချီရပ်ကွက် နှစ်ခုတွင် ဧည့်စာရင်းအကြောင်းပြ စစ်ဆေးပြီး အသက် ၂၀ အရွယ် လူငယ်အမျိုးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းဖြစ်စဉ်ကို Dawei Watch က ဇူလိုင်လ ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါလူငယ်နှစ်ဦးကို စစ်မှုထမ်းဆင့်ခေါ်စာ ဆိုသည့် စာရွက်ပြကာ စစ်မှုထမ်းသင်တန်းပို့ရန် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများက ပြောဆိုထားကြသည်။

“ဒီလိုသာ ရမ်းသမ်းဖမ်းဆီးနေမယ်ဆိုရင် ကျွန်တော်တို့ လူငယ်တွေ ဘယ်လို လမ်းထွက်ပြီး ဘယ်လို ဝမ်းရေးအတွက် ရှာဖွေစားသောက်လို့ ရတော့မှာလဲ” ဟု လောင်းလုံးဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသတွင်းရှိ လူငယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး စစ်မှုထမ်း စုဆောင်းနေသလို ထိုင်းနိုင်ငံက ပြန်လည်လွှဲပြောင်းလိုက်သည့် လူငယ်များကိုလည်း အဓမ္မစစ်သားစုဆောင်းနေသည်ကို စစ်ကောင်စီတပ်မှ ထွက်ပြေးကာ တော်လှန်ရေးတပ်များထံ ဘက်ပြောင်းခိုလှုံလာသူများ၏ ပြောဆိုချက်များအရ သိရသည်။