မြိတ်မြို့ပေါ်တွင် လုယက်ပြီး ဓားဖြင့်ထိုးသဖြင့် လူငယ်အမျိုးသားတစ်ဦး သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။
အသက် ၂၈နှစ်အရွယ် ကိုသီဟဝင်းသည် ဇူလိုင်လ ၇ ရက် ည ၉ နာရီခန့်တွင် ဆိုင်ကယ်စီးပြီး တစ်ဦးတည်းလာချိန် မြိတ်မြို့ ကားကြီးဝင်း (အသစ်) အနီးတွင် လုယက်သတ်ဖြတ်ခံရကြောင်း ကိုသီဟဝင်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။
“ဆိုင်ကယ်၊ ဖုန်းလုပြီး ဓားနဲ့ ထိုးသတ်ခဲ့တာ” ဟု ၎င်းက ပြောဆိုသည်။
ကိုသီဟဝင်းက ဆိုင်ကယ်ဖြင့် မည်သည့်နေရာသို့သွားသည်ဆိုသည့်အကြောင်းနှင့် လုယက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။
ဓားထိုးခံရမှုကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၎င်းကို အရေးပေါ်လူနာတင်ယာဥ်ဖြင့် မြိတ်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ကူညီပေးခဲ့သည့် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“နေရာမှာပဲ ပွဲချင်းပြီး ဆုံးနေပြီဆိုတော့ ရင်ခွဲရုံတစ်ခါတည်း ရောက်သွားတာ” ဟု ၎င်းက ပြောသည်။
ကိုသီဟဝင်းသည် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းဆင်း ပညာရေးဘွဲ့ (B.Ed.) ရ လူငယ်တစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို ယနေ့ နေ့လယ်ပိုင်းတွင် နေအိမ်သို့ ပြန်လည်သယ်လာကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ထားသည့် မြိတ်မြို့ပေါ်တွင် ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း လုယက်ခံရမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် မေလ ၂၀ရက် တစ်ညအတွင်းတွင်ပင် မြိတ်မြို့ ပါရမီလမ်းတွင် လုယက်မှုသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငွေကြေးနှင့် ဖုန်းအချို့ လုယက်ခံရကြောင်း မြို့ခံများထံမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလဆန်းကလည်း မြစ်ငယ်ရပ်၊ ရေကန်ဘောင်အနီး ဘုန်းကြီးကျောင်းအနောက်ဘက်တွင် စုံတွဲတစ်တွဲကို ဓားဖြင့်ထိုးပြီး ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့သေးသည်။







