BREAKING
October 20, 2025

ထားဝယ်ခရိုင်ရှိ သုခနယ်စပ်စခန်းကို KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူ

July 8, 2025

ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ သုခစခန်းကို ဆဲဗင်းဇူလိုင်နေ့တွင် KNLAနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် KNUနှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။  

သုခစခန်းတွင် စစ်ကောင်စီတပ်၏ ခလရ ၂၈၂ တပ်ရင်းအထိုင်ချထားပြီး အင်အား ၃၀ ခန့်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သုခစခန်းကို ဇွန်လအကုန်တွင် ဝိုင်းဝန်းပိတ်ဆို့ထားပြီး ဇူလိုင်လ ၇ ရက်တွင် စတင်တိုက်ခိုက်ရာ ထိုနေ့တွင်ပင် စခန်းကို သိမ်းပိုက်ရရှိကြောင်း ၎င်းက ဆိုသည်။

“လက်နက်ခဲယမ်း ဘယ်လောက်ရလဲ၊ ရန်သူက ဘယ်လောက်သေလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ စခန်းရှင်းလို့ မပြီးသေးဘူး။ သူတို့က တစ်ရက်တည်းဆိုတော့ စစ်ကူကမလာနိုင်ဘူး၊ လေယာဉ်မလာနိုင်ဘူး။ ဘာဖြစ်လဲဆိုတော့ ဒီစခန်းက သူတို့ထွက်ပြေးချင်တာကြာပြီ။ သေနတ်ပေါက်ရင်တော့ သူတို့ထွက်ပြေးမှာပဲ အဲ့ဒါစောင့်နေတာ” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။

သုခစခန်းအနီးတွင် ထိုင်း-မြန်မာခရီးသွားများကြား နာမည်ကျော်ကြားသည့် နတ်အိမ်တောင် (ထိုင်းအခေါ် ပိလော့(Pilok)) ရွာတည်ရှိပြီး ထိုရွာအနီးတွင် စစ်ကောင်စီတပ်၏ နတ်အိမ်တောင်စခန်းတည်ရှိသည်။

၂၀၂၄ ခုနှစ်တွင် ကျောက်ထုစခန်း၊ မောထစခန်း၊ အောင်သာဝရစခန်းများကို KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းယူထားပြီး ထောမဖြိုး၊ ကမာပလောစခန်း၊ မေတ္တာနယ်မြေရဲစခန်း၊ ဟိန္ဒားစခန်းများကိုမူ စစ်ကောင်စီတပ်များစွန့်ခွာထွက်ပြေးခဲ့သည်။

ယခု ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်တွင် ထီးထစခန်း၊ မေလ ၉ ရက်တွင် ထီးခီးနယ်စပ်စခန်း၊ ဇွန်လ ၁၀ ရက်တွင် ဗောဓိစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားပြီး ငရံ့နီစခန်းက စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားသည်။

ယခု ဇူလိုင်လ ၇ ရက်တွင် သုခစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားပြီဖြစ်သဖြင့် ထားဝယ်ခရိုင်နှင့် ထိစပ်နေသည့် ထိုင်းနယ်စပ်တွင် နတ်အိမ်တောင်စခန်းတစ်ခုသာ ကျန်ရှိတော့သည်။

ထီးခီးနယ်စပ်ဒေသတစ်ခုလုံးကို KNU နှင့် ပူးပေါင်းတပ်များသိမ်းပိုက်ပြီးနောက် ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်အပါအဝင် မြဝတီကုန်သွယ်ရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်အောင် KNU က ပြင်ဆင်နေသည်။