ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်ဒေသခံနှစ်ဦးအပါအဝင် စစ်မှုထမ်းစုဆောင်းခံရသူသုံးဦး ထားဝယ်ခရိုင် PDF တပ်ရင်းထံ ဘက်ပြောင်းခိုလှုံ

July 8, 2025

စစ်မှုထမ်းစုဆောင်းခံခဲ့ရသည့် အသက် ၂၀ ဝန်းကျင်အရွယ် စစ်ကောင်စီတပ်သားသုံးဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ အမှတ် (၁) တပ်ရင်းထံတွင် လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်ရင်းက ဇူလိုင်လ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းသို့ တိုက်ရိုက်ဆက်သွယ်၍ ၎င်းတို့၏အစီအစဥ်ဖြင့်ပင် ဇူလိုင်လ ၄ ရက်တွင် တပ်ရင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော် ABC က ပြောသည်။

ဘက်ပြောင်းလာသူ သုံးဦးအနက် နှစ်ဦးသည် ကံပေါက်ရေကန်တောင်တာဝါတိုင် စခန်းတွင် တာဝန်ကျနေသည့် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းက ဖြစ်ပြီး နောက်တစ်ဦးမှာ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသရှိ စစ်ကောင်စီစခန်းတစ်ခုတွင် တာဝန်ကျနေသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းကဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါတပ်သားသုံးဦးသည် တနင်္သာရီတိုင်း မြိတ်မြို့၊ ပလမြို့နှင့် ပဲခူးတိုင်း ပြည်မြို့ ဒေသခံများဖြစ်ကြောင်း အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ 

မြိတ်မြို့ခံဖြစ်သူသည် ဧည့်စာရင်းစစ်စဉ် စစ်သားစုဆောင်းခံခဲ့ရသူဖြစ်ကာ ကျန်နှစ်ဦးသည် ညဘက်လမ်းတွင် အဖမ်းခံရသူနှင့် လမ်းသွားလမ်းလာစဉ် စစ်သားစုဆောင်းခံခဲ့ရသူဖြစ်ကြောင်း ကာယကံရှင်များ၏ ပြောပြချက်ကို ကိုးကား၍ ရဲဘော် ABC ပြောဆိုသည်။

၎င်းတို့သည် ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဥ် ၈ ကို တက်ရောက်ခဲ့ရသူများဖြစ်ကြောင်း  အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ 

ဘက်ပြောင်းခိုလှုံလာစဥ် သေနတ်နှစ်လက်၊ ကျည်ဘောက်ခြောက်ခု၊ ကျည်ဆန်တစ်ရာကျော် နှင့် လက်ပစ်ဗုံးတစ်လုံး ယူဆောင်လာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက် မှတ်တမ်းဓာတ်ပုံများတွင် ဖော်ပြထားသည်။ လက်နက်ယူဆောင်လာနိုင်ခဲ့သဖြင့် ဆုငွေကျပ်သိန်းတစ်ရာချီးမြှင့်ထားကြောင်း ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

“သူတို့ရဲ့ဆန္ဒကတော့ လွတ်မြောက်နယ်မြေကိုသွားချင်တယ်။ လက်နက်ပါလာတဲ့ နှစ်ယောက်ကိုတော့ ဆုငွေချီးမြှင့်ထားတယ်။ ကျန်တစ်ယောက်ကတော့ ဆုငွေ မချီးမြှင့်ထားပေမယ့် လုံလုံခြုံခြုံစောင့်ရှောက်ပေးထားပြီး သူတို့သွားချင်တဲ့နေရာကို ပို့ပေးဖို့ စီစဥ်နေပါတယ်” ဟု ရဲဘော် ABC ကပြောသည် ။

ပြီးခဲ့သည် ဇွန်လကလည်း စစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းထံတွင် လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံခဲ့သေးကြောင်း ယင်းတပ်ရင်း ၏ မှတ်တမ်းအရ သိရသည် ။