BREAKING
June 8, 2025

ကော့သောင်းတွင် ကျောင်းသားအချင်းချင်း ရန်ဖြစ်ပြီး တုတ်ဖြင့်ခေါင်းရိုက်လိုက်၍ ဒဏ်ရာပြင်းထန်

June 8, 2025

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားအချင်းချင်းရန်ဖြစ်ပြီး ပေါက်တူးရိုးဖြင့် ဦးခေါင်းကိုရိုက်ခဲ့သည့်အတွက် ဒဏ်ရာအပြင်းအထန်ရသွားကြောင်း မြို့ခံအချို့နှင့် အရိုက်ခံရသည့်ကျောင်းသား၏ မိသားစုနှင့်နီးစပ်သူအချို့ထံမှ သိရသည်။

မေလ ၅ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စာသင်ခန်းအတွင်း G- 9 ကျောင်းသား မောင်ပြည့်ဖြိုးမောင်မောင်ကို အတန်းဖော် ကျောင်းသားတစ်ဦးက ပေါက်တူးရိုး(သစ်သား)ဖြင့် ဦးခေါင်းကို အနောက်မှဝင်ရိုက်ခဲ့ကြောင်း ခံရသူမိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးရန်စရှိတယ် ဘာညာတော့မသိဘူး။ဒါပေမဲ့ ခံရတဲ့ကလေးမှာတော့ တော်တော် ထိခိုက်သွားတယ်။ခေါင်းမကွဲသွားဘဲနဲ့ အမြင်အာရုံကြော‌နဲ့ နားကိုကို ထိသွားတယ်။ နားထဲက သွေးတွေလည်း ကျနေတယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ကော့သောင်းမြို့ခံတစ်ဦးကလည်း ယခုပညာသင်နှစ်တွင်မှ အခြားကျောင်းမှ ပြောင်းလာသည့် ကျောင်းသားအသစ်တစ်ဦးကို ကျောင်းသားဟောင်းက ရိုက်နှက်ခဲ့သည်ကို ကြားသိရသည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးသည် အသက် (၁၄)နှစ်ဝန်းကျင်ရှိပြီး အေးရိပ်ငြိမ်ရပ်ကွက်တွင် နေထိုင်ကြကြောင်း ၎င်းတို့က ဆိုသည်။

ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသည့် ကျောင်းသားကို ကော့သောင်းရှိ ၂ မိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရာက အခြေအနေစိုးရိမ်ရသဖြင့် နာရီပိုင်းအတွင်း ထိုင်းနိုင်ငံ ရနောင်းဆေးရုံသို့ ပြောင်းရွှေ့ကုသနေကြောင်း မိသားစုနှင့်နီးစပ်သူအချို့ထံမှ သိရသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ရိုက်နှက်ခဲ့သည်ဆိုသည့် ကျောင်းသား၏မိသားစုနှင့် ကျောင်းတာဝန်ရှိသူကို မေးမြန်းနိုင်ရန် ဆက်သွယ်နေဆဲဖြစ်သည်။

ပေါက်တူးရိုးဖြင့် ရိုက်နှက်ခဲ့သည့် ကျောင်းသားကို ရဲစခန်းတွင်ဖမ်းဆီးထားပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟုသိရကြောင်း မိသားစုနှင့်နီးသူများထံမှ သိရသည်။