BREAKING
May 8, 2025

ရမ်းဖိုရွာတွင် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးဒဏ်ရာရပြီး အိမ်တစ်ဆောင်မီးလောင်

May 8, 2025

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးနှစ်ဦး ဒဏ်ရာရသွားပြီး နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မတ် ၈ရက်နေ့ နံနက် ၉နာရီခွဲ ဝန်းကျင်တွင် ဇဝဲရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ၆၀မမ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ရမ်းဖိုရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်နှင့် ၆ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရသွားပြီး ရွာအတွင်းရှိ နေအိမ်တစ်ဆောင် မီးလောင်ပြာကျသွားကြောင်း ရမ်းဖိုရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“အဲအိမ်နားကိုပဲ နှစ်လုံးကျသွားတယ်။ တစ်ယောက်ကတော့ မီးလောင်အိမ်ထဲကိုကျတဲ့လက်နက်ကြီးကြောင့် ခြေမှာဒဏ်ရာရတယ်။ နောက်တစ်ယောက်ကတော့ ရေတွင်းမှာရေချိုးနေရင်း လက်နက်ကြီးအစ လာမှန်ပြီး လက်မှာထိတာ” ဟု အဆိုပါဒေသခံက ပြောသည်။

ဒဏ်ရာရသွားသည့် ကလေးနှစ်ဦးစလုံးကို ဆေးရုံတင်ဆောင်သွားကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

လက်နက်ကြီးကျရောက်သည့် နေအိမ်မှာ ဈေးရောင်းနေသည့်ဆိုင်ဖြစ်သဖြင့် မီးလောင်မှုများကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ရမ်းဖိုရွာနေဒေသခံများနှင့် မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

မေလ ၇ ရက် ညကလည်း ဇဝဲရွာအခြေစိုက်စစ်ကောင်စီတပ်ရင်းက ရမ်းဖိုရွာအတွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။