ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် မြို့ခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ဧပြီလ ၂၇ ရက်မှစတင်ကာ လေညာကျေးရွာရှိ စစ်ကောင်စီတပ်က PDF များ ရောက်နေသည်ဟုဆိုကာ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသဖြင့် မြို့ခံများက နီးစပ်ရာကျေးရွာများသို့ ပြောင်းရွှေ့ထွက်ပြေးနေရကြောင်း ၎င်းတို့က ဆိုသည်။
စစ်ကောင်စီတပ်က မေလ ၆ရက်နှင့် ယနေ့ မေလ ၈ရက်တို့တွင်လည်း လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်ပြီး နေအိမ်အချို့ ပျက်စီးကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။
“ရက်တိုင်းနီးပါးရှိနေပြီ ပစ်နေတာ။ မနေ့ကလည်း ပစ်တယ်။ ဒီနေ့လည်း (မနက်) ၉နာရီလောက်ကတည်းက ပစ်နေတာ။ နားလိုက် ပစ်လိုက်လုပ်နေတယ်” ဟု အဆိုပါမြို့ခံက ယနေ့ မေလ ၈ရက်တွင် ပြောသည်။
ဧပြီလ ၂၇ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မဏ္ဍိုင်မြို့ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် ကျောင်းသူတစ်ဦး ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများကြောင့် မြို့ခံများက တိမ်းရှောင်နေရသဖြင့် နေအိမ်ပျက်စီးမှုအသေးစိတ်အခြေအနေကို အတိမကျမသိရသေးကြောင်း ၎င်းကပြောသည်။
“ပြည်ကြီးမဏ္ဍိုင်မြို့ကို တိုက်ပွဲဖြစ်ဖို့ အလားလာရှိတယ်ဆိုပြီး လေးလပိုင်းကုန်ခါနီးလောက်ကတည်းက အထဲက လူတွေ ရော (တော်လှန်ရေးတပ်) ၊ စစ်တပ်ဘက်ကရော ပြောင်းခိုင်းထားတာကြာပြီ” ဟု လေညာရွာနေ ဒေသခံတစ်ဦးက ဆိုသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ တစ်ဖက်ကမ်းရှိ လေညာရွာတွင် စစ်ကောင်စီတပ်ရှိပြီး အဆိုပါကျေးရွာထိပ်ရှိ နေအိမ်အချို့ကိုလည်း ပြောင်းရွှေ့ခိုင်းသဖြင့်မေလ ၇ ရက် နံနက် ၉ နာရီနောက်ဆုံးထား ပြောင်းရွှေ့ခဲ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။