တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံအချို့ထံမှ သိရသည်။
မေလ ၇ ရက် နံနက် ၆နာရီခွဲခန့်တွင် ညောင်ပင်ကွင်းရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းက စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ညောင်ပင်ကွင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“စကစဘက်က လက်နက်ကြီးရော၊ ငယ်ရော ၂ နာရီနီးပါး အပြန်အလှန်ပစ်ခတ်ကြတယ်” ဟု ၎င်းက ဆိုသည်။
မြိတ်ခရိုင်၊ PDF အမှတ် ၃ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံကလည်း ပူးပေါင်းမဟာမိတ်စစ်ကြောင်း၏ တိုက်ခိုက်မှုအတွင်း နှစ်ဖက်သေဆုံးမှုရှိခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ပြောဆိုသည်။
“နှစ်ဖက် ဆိုင်ပစ်တာပါ။ သူတို့ဘက်က ၃ယောက်သေတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျပြီး တစ်ယောက် ဒဏ်ရာရခဲ့တယ်” ဟု ၎င်းက ပြောသည်။
ညောင်ပင်ကွင်းရွာ လူနေအိမ်များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို သွားရောက်တိုက်ခိုက်ရာ အသက် ၃၆နှစ်အရွယ် ရဲဘော်ကျော်စိုး သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
”အိမ်ထဲမှာရှိနေတဲ့ သူတွေကို သွားတိုက်တယ်။ ဟိုဘက်အိမ် ဒီဘက်အိမ်ပစ်ကြတယ်။ (တော်လှန်ရေးတပ်ဖွဲ့ဝင်) သူက ပစ်ပြီး ပြန်အလှည့်မှာ ဦးနှောက်ကျည်ထိပြီး ပွဲချင်းပြီးသေသွားတယ်” ဟု အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သားများရှိနေသည့် အိမ်အတွင်း သုံးဦးသာကျန်တော့သဖြင့် တော်လှန်ရေးတပ်များက ဝိုင်းထားပြီး လက်နက်ချအညံ့ခံရန် ပြောနေချိန် စစ်ကောင်စီတပ် စစ်ကူရောက်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသက်၃၂ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
”သူတို့ဘက်ကလည်း သေတဲ့သူရှိတယ်။ အလောင်းတွေပုံကျန်ခဲ့တယ်။ တိုက်ပွဲက အနီးကပ်ဖြစ်တော့ မြင်နေရတယ်။ စစ်ကူရောက်လာတော့ ဆုတ်လိုက်ရတယ်” ဟု ၎င်းက ပြောဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်း ညောင်ပင်ကွင်းဒေသခံများက ပြောဆိုကြသည်။