BREAKING
May 8, 2025

ထားဝယ်ဒေသ၏ စက်သုံးဆီသောက

May 8, 2025

မိုးစပါးစိုက်ပျိုးရန် ချိန်ရောက်လာပြီ။ တောင်သူများလက်ထဲတွင် မျိုးစပါးအဆင်သင့်၊ ဓာတ်မြေဩစာလည်း အချို့လယ်သမားတွေ ဝယ်ထားကြပြီးနေပြီ။

ထားဝယ်ခရိုင်တွင် မိုးဦးအကြိုမိုးကလည်း ခပ်ဖြိုက်ဖြိုက်ရွာသွန်းနေချေပြီ။ မကြာခင် မိုးစပါးအတွက် ထွန်းယက်ကြရပေတော့မည်။ သို့သော် တစ်ခုလိုနေသေးသည်။

စက်သုံးဆီ။ ထော်လာဂျီများမှာ စက်သုံးဆီမရှိက မည်သို့ထွန်းယက်ကြမည်နည်း။ မည်သို့စိုက်ကြ၊ ပျိုးကြမည်နည်း။

စက်သုံးဆီဝယ်မရကြသဖြင့် မြက်ခုတ်စက်ဖြင့် ရော်ဘာခြံရှင်း၊ တောခုတ်အလုပ်များလည်း ရပ်ထားကြရသည်။ ဒေသခံများ၏ တစ်ပိုင်တစ်နိုင် စက်သုံးဆီနှင့်လည်ပတ်ရသည့် အခြားစက်မှုလုပ်ငန်းများလည်း လည်ပတ်နိုင်ခြင်းမရှိကြတော့ပေ။

လယ်လုပ်မည့်တောင်သူများ၊ ရော်ဘာခြံရှင်များ စက်သုံးဆီကို အငမ်းမရလိုချင်နေကြသည်။ နိစ္စဓူဝ သွားလာလှုပ်ရှားရမည့် သူများလည်း ဆိုင်ကယ်ဆီဖြည့်ရန် စက်သုံးဆီလိုချင်နေကြသည်။

ဂါလန်‌ပုံးဆွဲကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် စက်သုံးဆီလိုက်လံဝယ်ယူသူတို့ မောကာပန်းကာဖြင့် အိမ်ပြန်သွားရရှာသည်။ စက်သုံးဆီကား မရရှာကြပေ။

“ရချင်လည်းရ၊ မရချင်လည်းနေဆိုပြီး ဆိုင်ရှိသမျှ လိုက်သွားတယ်။ အဲလိုသွားလည်းအလကားပဲ။ ရတာလည်းမဟုတ်ဘူး။ လိုနေသူက များနေတာကိုး” ဟု လောင်းလုံးမြို့နယ်မှ အသားစားကြက်မွေးသူ ဦးလွင် ကပြောသည်။

ရက်ပိုင်းသာရှိသေးသည့် ဦးလွင်၏ ကြက်ပေါက်ကလေးများကို အနွေးဓာတ်ပေးရန်မှာ လျှပ်စစ်မီးလိုအပ်သော်လည်း ထိုးလျှပ်စစ်မီးမှာ တစ်လကိုးသီတင်း ပြတ်တောက်နေလေ့ရှိရာ မီးစက်မောင်းရန် စက်သုံးဆီလိုအပ်နေခြင်းဖြစ်သည်။

အမှန်တကယ်မှာ စက်သုံးဆီပြတ်လပ်နေခြင်းမဟုတ်ပေ။ ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် လိုသလောက်အပြည့်ရှိသည်။

တိုင်းအတွင်း တော်လှန်ရေး အားကောင်းလာသည်နှင့်အမျှ အကြောက်တရား လွှမ်းမိုးလာသည့် စစ်ကောင်စီက ထားဝယ်မြို့ထဲရှိ စက်သုံးဆီများကို မြို့ပြင်သို့ သယ်ယူရောင်းချခွင့်မပြုဘဲ ပိတ်ဆို့လိုက်ခြင်းသာဖြစ်ပြီး သယ်လျှင်ဖမ်းမည်ဟုဆိုသည်။

Dawei Watch ၏ စုံစမ်းမေးမြန်းမှုအရ နယ်ကျေးရွာများသို့ စက်သုံးဆီ မရောင်းချပေးရန် စစ်ကောင်စီတပ်က ဧပြီလ ၂၄ ရက်ကတည်းက စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေသည့် ကုမ္ပဏီများကို ညွှန်ကြားထားသည်။

ဆိုင်ကယ်၊ ကား၊ သုံးဘီးတို့ကိုမူ ဆီအပြည့်ထည့်ပေးနိုင်သော်လည်း မည်သည့်အကြောင်းပြချက်ပင်ဖြစ်စေ နယ်ကျေးရွာသို့သယ်ဆောင်သွားရန်အတွက်မူ လုံးဝတားမြစ်ထားကြောင်း စက်သုံးဆီကုမ္ပဏီတို့ထံမှ စုံစမ်းသိရှိရသည်။

“(မြို့အဝင်အထွက်) တံတားတွေကိုကျော်ပြီး သယ်သွားမယ်ဆိုရင် မရောင်းခိုင်းဘူး။ ကန့်သတ်ထားတဲ့သဘောပေါ့နော်။ (လီတာဆယ်ဂဏန်းဝင်ဆံ့သည့်) ဆီပုံးအဝါနဲ့တောင် မရောင်းခိုင်းတာ တိုင်ကီလိုက်ဆိုရင်ပိုဆိုးတာပေါ့နော်” ဟု ထားဝယ်မြို့ စက်သုံးဆီကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဧပြီလ ၃၀ ရက်က ထားဝယ်မြို့နယ်တွင် စက်သုံးဓာတ်ဆီဂါလန် ၃၀၀ ကျော်၊ ဒီဇယ်ဆီ ၁၅၀ ဂါလန် ကို ဖမ်းဆီးပြီး အရေးယူထားကြောင်း စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်ထားသည်။

အကြောင်းပြချက်မှာ ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီတရားမဝင် သယ်ယူခြင်းကြောင့်ဟုဆိုသည်။

ထားဝယ်ခရိုင်တွင် စက်သုံးဆီရောင်းချနေသူ ထောင်နှင့်ချီရှိသော်လည်း မည်သူ့တွင်မျှ လိုင်စင်ဟူ၍မရှိကြ။ ဟီးထ‌နေအောင် ဆိုင်ကြီးကနားကြီးဖြင့် ကုမ္ပဏီဖွင့် ရောင်းချ‌နေသူ လက်တစ်ဆုပ်စာတွင်သာ လိုင်စင်ရှိကြသည်။

ဤသည်မှာ ယခုမှမဟုတ်ပေ။ ယခင်ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ ထိုကဲ့သို့သာ ရောင်းဝယ်‌ ဖောင်းကားနေကြခြင်းဖြစ်ရာ ယခုမူ စစ်ကောင်စီက ညစ်လာသည်။ လိုင်စင်မရှိက စက်သုံးဆီ သယ်ခွင့်မပြုသည့်သဘော ထုတ်ပြန်လာသည်။

သို့သော် ထားဝယ်မြို့ဧရိယာပြင်ပ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူမြို့ပေါ်ရှိ စက်သုံးဆိုင်ဆိုပါက လိုင်စင်ရှိသော်လည်း ဝယ်ယူရောင်းချခွင့်မရှိ ဖြစ်နေပြန်သည်။

လုပ်ရပ်နှင့် ထုတ်ပြန်ချက် ရှေ့နောက်မညီသော်လည်း မည်သူမျှမပြောရဲကြ။

ယခုမူ စစ်ကောင်စီက ထားဝယ်ခရိုင်ကို စက်သုံးဆီဖြတ်တောက်ထားသည်မှာ လတစ်ဝက်နီးပါးရှိလာပြီဖြစ်ရာ ကျေးရွာများတွင် လက်ကျန် စက်သုံးဆီများခမ်းလာကြပြီ။ ဈေးကြီးလာနေကြပြီ။

ထားဝယ်မြို့ပေါ်တွင် တစ်လီတာ ၃၀၈၀ ကျပ်သာပေးရသည့် စက်သုံးဆီမှာ နယ်ကျေးရွာတွင် ၆၀၀၀၊ ၇၀၀၀ ကျပ်အထိ ဈေးကြီးလာနေသည်။ တစ်ခါမျှမကြားဖူးသော ထိုဈေးကို မဖြစ်မနေ ပေးဝယ်နေကြရသည်။

ယင်းခေါင်ခိုက်နေသော ဈေးဖြင့်ပင် ဝယ်မရဖြစ်လာကြသည်။

စက်သုံးဆီမရှိက ပြည်သူများ၏ နိစ္စဓူဝ စီးပွားရေး၊ လူမှုရေးအရပ်ရပ်ကို မည်သို့ ဖြေရှင်းကြမည်နည်း။ လယ်သမားများ ဝမ်းစာရေးအတွက် မည်ကဲ့သို့ ထွန်ယက်ကြမည်နည်း။

“ဆီမရှိရင် အရင်တုန်းကလို နွားနဲ့လယ်ထွန်ရအောင်ကလည်း နွားတွေကမရှိပြီ။ နွားရှိတယ်ထားဦး ထွန်တုံးတွေက ကျန်‌သေးလို့လား” လယ်သမားတစ်ဦးက ငြီးတွားပြောဆိုသည်။

စစ်ကောင်စီက ထိုကဲ့သို့ စက်သုံးဆီဖြတ်တောက်သည်မှာ ယခုမှမဟုတ်။ ထားဝယ်မြို့အနီးဝန်းကျင်တွင် စစ်ရေးတင်းမာသည့်အချိန်တိုင်း ပြုလုပ်လေ့ရှိသည်။

ယခုလည်း တော်လှန်ရေးတပ်ဖွဲ့များကို စစ်ရေးအရ အသားစီးမရသဖြင့် ပြည်သူများကို ဖိနှိပ်ရန် စစ်သုံးဆီ ဖြတ်တောက်ထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကယူဆနေကြသည်။

ထိုယူဆချက် အကျိုးအကြောင်းဆီလျှော်မှုရှိသည်ဟု ဆိုနိုင်သည်။

စစ်ရေးအရ အရေးပါသည့် ထိုင်းမြန်မာနယ်စပ် ထားဝယ်မြို့နယ် ထီးထ‌ဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၉ ရက်နေတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ထားဝယ်ခရိုင်တွင် စစ်ရေးတင်းမာလာလာခဲ့သည်။

ဧပြီလ ၁၈ ရက်နေ့တွင် ထားဝယ်-မြိတ်သွား အမှတ် ၈ ပြည်ထောင်စုကားလမ်းမ လမ်းပိုင်းဖြစ်သည့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ရက်နှစ်ဆယ်နီးပါးအကြာ တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

ယင်းအပြင် ထိုင်းနယ်စပ်မှ ထားဝယ်မြို့သို့ ဆက်သွယ်ထားသည့် ထီးခီးလမ်းပိုင်း စစ်ကောင်စီမေတ္တာဗျူဟာရှိသည့် အရှေ့တောဒေသတွင်လည်း စစ်ရေးတင်းမာလျက်ရှိသည်။

အထက်ပါနှစ်နေရာသို့ စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။

ဧပြီလ ၂၄ ရက်တွင်မူ စစ်ကောင်စီက ထားဝယ်ခရိုင်အား စက်သုံးဆီ သယ်ယူရောင်းချခွင့် ပိတ်ပင်လိုက်သည်မှာ တိုက်ဆိုင်မှုမဖြစ်နိုင်ပေ။

တနင်္သာရီတိုင်း စက်သုံးဆီကြီးကြပ်စစ်ဆေးရေးအရာရှိထံ Dawei Watch က ဧပြီလ ၂၆ ရက်က ဖုန်းဆက်ပြီး နယ်ကျေးရွာများသို့ စက်သုံးဆီသယ်ယူခွင့်မပေးသည့်အပေါ် မေးမြန်းခဲ့သော်လည်း “ဒီကိစ္စဆိုရင် ကျွန်တော် ဖြေလို့အဆင်မပြေဘူးခင်ဗျား” ဟုဆိုကာ ဖုန်းချသွားခဲ့သည်။ နောက်ရက်များတွင် ထပ်မံ၍ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း မကိုင်တော့ပေ။

ယခုဆိုလျှင် နယ်ကျေးရွာများကို စက်သုံးဆီဖြတ်တောက် ပိတ်ဆို့ထားသည်မှာ ၁၅ ရက်တိတိကြာမြင့်လာပြီဖြစ်ရာ လက်ကျန်စက်သုံးဆီများခမ်းကုန်ကြပြီ။

မြို့နှင့်နီးနီးနားနားနေသူတို့မှာ စက်သုံးဆီအတွက် ထူးပြီးပူပန်စရာမရှိသော်ငြား နီးနီးနားနားမဟုတ်သောသူများအတွက်မူ သေရေးရှင်ရေးတမျှ အရေးကြီးသည်။

အထူးသဖြင့် ဇွန်လဆန်းတွင် လုပ်ငန်းခွင်ဝင် ထွန်ယက်ကြရတော့မည့် လယ်သမားများ၊ ပင်လယ်ထဲငါးဖမ်းထွက်ကြမည့် လှေသမားများမှာ ဘယ်နေ့ စက်သုံးဆီဝယ်ယူခွင့်ရမလဲဟု မျှော်လင့်စောင့်စားနေကြသည်။

သို့သော် ဧပြီလ ၁၉ ရက်က ထီးထ‌ဗျူဟာစခန်းသိမ်းတိုက်ပွဲဖြင့် စတင်လိုက်သော တိုက်ပွဲမှာ
ထားဝယ်မြို့နား ကပ်လာနေသည်။

ဧပြီလ ၂၆ ရက်က ထားဝယ်မြို့နှင့် ငါးမိုင်ခန့်အကွာ ‌နည်းပညာတက္ကသိုလ်အနီး ဟားလီးကွေ့စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရသည်။ မေလ ၇ ရက်တွင်မူ ထားဝယ်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည်။

ထားဝယ်မြို့အနီး စစ်ပူလာလေလေ စစ်ကောင်စီတပ်က ကြောက်ကန်ကန်ပြီး ကြွက်မနိုင်ကျည်မီးရှို့ဗျူဟာ ခင်းလေလေဖြစ်လာမည်သာဖြစ်ရာ စက်သုံးဆီဝယ်ယူရရှိရေးမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုခက်ခဲလာနိုင်ချရှိနေသည်။

“ဒီအတိုင်းကြာလာရင်တော့ စက်သုံးဆီဗူးတောင် ပေါ်တင်ဆွဲသွားလို့ရတော့မှာ မဟုတ်ဘူး။ လုခံထိလိမ့်မယ်ထင်တယ်” ဟု လယ်သမားတစ်ဦးက မှတ်ချက်ပြုသည်။