ပိုင်နက်အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ နယ်ခြားမျဉ်းတစ်လျှောက်တွင် အိန္ဒိယနှင့် ပါကစ္စတန်စစ်သားများအကြား မနေ့ညက လက်နက်ငယ်နှင့် လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယစစ်တပ်က ယနေ့ ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသရှိ နေရာ ၉ ခုကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယင်းသို့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံ နယ်စပ်တွင် သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ထပ်တလဲလဲဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးပစ်ခတ်မှုအထိ အရှိန်မြင့်တက်လာခဲ့သည်။
ဗုဒ္ဓဟူးနေ့က ၎င်း၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ရှိ အကြမ်းဖက်သမားများ ရှိသည်ဆိုသော စခန်း ၉ ခုကို ဖျက်ဆီးနိုင်ခဲ့ဟု အိန္ဒိယက ပြောသည်။
အိန္ဒိယ၏ ဗုဒ္ဓဟူနေ့အစောပိုင်း ဒုံးကျည်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ကလဲ့စားချေတုံ့ပြန်သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ထိုနေ့ညမှာပင် နိုင်ငံသို့ မိန့်ခွန်းပြောကြားခဲ့သည်။
အိန္ဒိယ၏ ဒုံးကျည်တိုက်ခိုက်မှု နောက်ဆက်တွဲ လက်ရှိအချိန်အထိ နှစ်နိုင်ငံစလုံးတွင် သေဆုံးသူ ၄၃ ဦးအထိ ရှိလာကြောင်း သတင်းများက ဖော်ပြသည်။
အိန္ဒိယ၏ ဒုံးကျည်တိုက်ခိုက်မှုနှင့် နယ်စပ်ပစ်ခတ်မှုများကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့ရကြောင်း ပါကစ္စတန်ဘက်က ပြောသည်။
ပါကစ္စတန်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ရသည်ဟု အိန္ဒိယဘက်က ဆိုသည်။
နောက်ဆုံးထွက်ပေါ်လာသည့် နယ်စပ်အပြန်အလှန်ပစ်ခတ်မှုများနှင့် ပတ်သက်၍ ပါကစ္စတန်ဘက်မှ ချက်ချင်းအတည်ပြုထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။

ပြီးခဲ့သည့်လက အိန္ဒိယအုပ်ချုပ်သည့် ဂျမှူးနှင့် ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် ခရီးသွားများအား အကြမ်းဖက်တိုက်ခိုက်မှုနောက်ကွယ်တွင် ပါကစ္စတန်အစိုးရရှိနေသည်ဟု အိန္ဒိယဘက်က စွပ်စွဲထားသည်။
ယင်းစွပ်စွဲချက်ကို ပါကစ္စတန်ဘက်က ငြင်းဆန်ထားသည်။ ယင်းဖြစ်စဉ်ပေါ်အခြေတည်ကာ ယခုနှစ်နိုင်ငံအကြား ဆယ်စုနှစ်နှစ်ခုစာအတွင်း အဆိုးရွားဆုံး စစ်ရေးပဋိပက္ခ ပေါ်ပေါက်လျက်ရှိသည်။
လက်ရှိဖြစ်ပွားနေသည့် အိန္ဒိယ – ပါကစ္စတန် စစ်ရေးပဋိပက္ခကို အရှိန်လျှော့ရန် သံတမန်များနှင့် ကမ္ဘာ့ခေါင်းဆောင်များက နှစ်နိုင်ငံစလုံးကို ဖိအားပေးလျက် ရှိသည်။
လက်ရှိစစ်ရေးပဋိပက္ခ ရပ်ဆိုင်းစေလိုကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အီရန်က အိန္ဒိယနှင့် ပါကစ္စတန်အကြား ကြားဝင်ညှိနှိုင်းဖြန်ဖြေပေးရန် ကြိုးစားလျက်ရှိကာ ယနေ့ ကြာသပတေးနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ နယူးဒေလီ၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှာပင် အီရန်နိုင်ငံခြားရေးဝန်ကြီးက ပါကစ္စတန်သို့ သွားရောက်ခဲ့သေးသည်။
ဗြတိသျှအောက်မှ လွတ်လပ်ရေးရလာသည့် ၁၉၄၇ ခုနှစ်ကတည်းက အိန္ဒိယနှင့် ပါကစ္စတန်အကြား အကြိမ်ရေများစွာ စစ်ဖြစ်ခဲ့ကြဖူးသည်။
မူဆလင်အများစုနေထိုင်ရာ ပိုင်နက်အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသမှာ နှစ်နိုင်ငံ စစ်ရေးပဋိပက္ခများ မကြာခဏဖြစ်ပွားလေ့ရှိရာ နယ်မြေဖြစ်သည်။
Source: AFP/fh