ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်ကြီးမဏ္ဍိုင်မြို့နှင့် လေညာ-ရတနာပုံလမ်းရှိ စစ်အာဏာရှင်တပ်ဖွဲ့များကို ဒရုန်းဖြင့်တိုက်ခိုက်

April 8, 2026

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နှင့် လေညာ-ရတနာပုံလမ်းပိုင်းရှိ စစ်အာဏာရှင်တပ်သားများ အထိုင်ချထားသည့် နေရာများကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်အာဏာရှင်တပ်သား အင်အား ၂၀၀ ကျော်သည် လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၁) အနီးတွင် ခံစစ်ပြင်နေ သဖြင့် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်းအပြင် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ မီးသတ်စခန်း၊ ရဲစခန်း၊ တောင်ပေါ် ဘုန်းကြီးကျောင်း၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းနှင့် ဘန်ဂလားတာဝါတိုင်တွင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်များကိုလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အထက်ပါ တိုက်ခိုက်မှုများကို မတ်လ ၂၂ရက်မှ ဧပြီလ ၂ရက်အတွင်း လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများကို ဘုတ်ပြင်းမြို့နယ် စစ်အာဏာရှင်တပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်တပ်ဘက် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၂၀၃တပ်ရင်း၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးဌာနကြီး (SSTF Drone Force) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

စစ်အာဏာရှင်တပ်သားများ အထိုင်ချထားသည့် ရဲစခန်းနှင့် မီးသတ်ဌာန အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး ဘုရားတောင်ပေါ်တွင် ရှိသည့်ဘန်ကာများလည်း ထိခိုက်မှုရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ဒုတာဝန်ခံက ပြောသည်။

“ထိတွေ့ဖြစ်တဲ့ အခါတွေလည်းရှိတယ်။ ကျွန်တော်တို့ အဖွဲ့တွေနဲ့ သူတို့ရဲ့ ကင်းပုန်းတွေ ထိတွေ့ဖြစ်ကြပါတယ်။ (စစ်အာဏာရှင်တပ်ဘက်က) လက်နက်ကြီး ရမ်းသမ်းလိုက်ထုတယ်” ဟု ၎င်းက ပြောဆိုသည်။

လေညာ-ရတနာပုံလမ်းတွင် မတ်လ ပထမပတ်ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားစဉ် မတ်လ ၂၉ရက်တွင် လေညာရွာအခြေစိုက် စစ်အာဏာရှင်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကျရောက်ပေါက်ကွဲပြီး အသက် ၃နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာ ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရတနာပုံရွာ (သတ္တုမိုင်း) ဘက်သို့ မတ်လ ၅ ရက်မှ စတင်ကာ စစ်ကြောင်းထိုးဝင်လာသဖြင့် အဆိုပါလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ရှိနေသည်။

ရတနာပုံ‌ရွာ (သတ္တုမိုင်း) ကို ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။