ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

April 8, 2026

၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းနောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုများကို ရခိုင်ပြည်နယ်၌ သွားရောက်သတင်းယူ‌နေစဉ် ဖမ်းဆီးခံလိုက်ရသည့် Myanmar Now သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် ယနေ့ (ဧပြီ ၈) ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသော သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် Amnesty International Thailand အဖွဲ့၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံသားများအပါအဝင် တက်ကြွလှုပ်ရှားသူများက သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

Amnesty International Thailand မှ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် ထိုင်းနိုင်ငံသားများက လုံချည်၊ ထဘီ၊ မြန်မာဝတ်စုံများကို ဝတ်ဆင်၍ သံရုံးရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြစဉ် စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် မြန်မာလက်ဖက်ရည်နှင့် စမူဆာကိုလည်း ဧည့်ခံခဲ့ပြီး ကိုစိုင်းဇော်သိုက်အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုအောက် ဖမ်းဆီးခံထားရသူများ ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြသည်။

“Write for Rights” ဟုခေါ်သည့် လူ့အခွင့်အရေးလှုပ်ရှားမှုအောက်တွင် ကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ကိုစိုင်းဇော်သိုက်အား ပြန်လွှတ်ပေးရေး တောင်းဆိုထားသော စာပေါင်း ၃၀၀၈ စောင်ကိုလည်း သံရုံးသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက မြန်မာသတင်းသမားများကို အဓမ္မဖမ်းဆီးကာ တစ်ဖက်သတ် စီရင်ချက်ချပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

စစ်အုပ်စု အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ ယနေ့အချိန်အထိ ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၂၀၀ ကျော်ရှိပြီး သတင်းသမားခုနစ်ဦးမှာ စစ်အာဏာရှင်၏သတ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်း မှတ်တမ်းများအရ တွေ့ရသည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ၏ ၂၀၂၆ ဇန်နဝါရီ ၁၉ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ အကျဉ်းကျခံထားရဆဲ သတင်းသမား ၂၇ ဦးရှိနေသေးသည်။

စစ်အုပ်စုသည် Dawei Watch ၏ သတင်းသမား ၂ ဦးကိုလည်း အဓမ္မဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

Ref: Amnesty International Thailand