ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်းလမွတ်ရွာသားတစ်ဦး ပျောက်ဆုံးပြီး ခြောက်ရက်ကြာသည်အထိ ပြန်ရှာမတွေ့

April 8, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအပြင် ဥယျာဥ်ခြံထဲတွင် နေထိုင်သည့်ဒေသခံတစ်ဦးသည် ခြံထဲမှပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ ခြောက်ရက်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း ‌ဒေသခံများက ပြောသည်။

ဘန်းလမွတ်ရွာအပြင်ရှိ ကွမ်းခြံတွင်နေထိုင်သူ ဦးလှိုင်ဝင်းသည် ဧပြီလ ၃ရက် ညဦးပိုင်းတွင် ခြံထဲရှိတဲမှ ပျောက်သွားသဖြင့် မိသားစုနှင့် ဒေသခံများ ရှာဖွေကြသော်လည်း ပြန်မတွေ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဘန်းလမွတ်ရွာတွင် စစ်အာဏာရှင်တပ်သားများ တပ်စွဲနေထိုင်သဖြင့် ဒေသခံများသည် ရွာထဲတွင် နေထိုင်ခြင်းမရှိကြောင်းဒေသခံများထံမှ သိရသည်။

ဦးလှိုင်ဝင်း နေထိုင်သည့် ဥယျာဉ်ခြံမှာ ကျေးရွာအနီးတွင်ဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပျောက်ဆုံးသွား သည်ကို သေသေချာချာ မသိရသေးကြောင်း ၎င်းတို့က ပြောဆိုသည်။

အသက် ၄၈နှစ်အရွယ် ဦးလှိုင်ဝင်းနှင့်အတူ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးပါသွားကြောင်း အထက်ပါဒေသခံအမျိုးသားက ဆိုသည်။

“ပြန်လည်းမတွေ့၊ သတင်းလည်း မရဖြစ်နေတယ်။ ပျောက်သွားတဲ့ညက အိမ်နဲ့ အဆက်သွယ်မရလို့ သွားကြည့်တာ (ခြံထဲမှာ) မရှိဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။

ပျောက်ဆုံးသွားသည့် အမျိုးသားသည် ဥယျာဥ်ခြံလုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပျောက်သွားသည့်နေရာနှင့် ရွာအနီးဝန်းကျင်တွင် လိုက်လံရှာဖွေကြသော်လည်း ယနေ့ ဧပြီလ ၈ရက် မွန်းလွဲ ၁နာရီအထိ ပြန်မတွေ့သေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“မတွေ့သေးဘူး။ (ဖုန်း) လုံးဝ အဆက်သွယ်မရဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ဘန်းလမွတ်ရွာတွင် စစ်အာဏာရှင်တပ်သားများ တပ်စွဲနေထိုင်သဖြင့် ဒေသခံများ ဥယျာဉ်ခြံများတွင် ရွှေ့ပြောင်းနေထိုင်ကြသည်မှာ လေးနှစ်ကျော်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။