ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် စုံ၊ မ စနစ်ဖြင့် ဖမ်းဆီးအရေးယူခံရသူများရှိလာ

April 8, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့တွင် စုံ၊ မ စနစ်သတ်မှတ်ချက်ဖြင့် ဖမ်းဆီးအရေးယူခံရသူများ ရှိလာကြောင်း ကိုယ်တိုင်ကြုံရသူအချို့က ပြောသည်။

စုံ၊ မ စနစ် ကန့်သတ်ချက်အတိုင်း မောင်းနှင်ခြင်းမရှိသူများကို ဖမ်းဆီးပြီး မော်တော်ယာဉ်များကို သိမ်းဆည်းသွားကြောင်း ၎င်းတို့က ဆိုသည်။

တရားရုံးတွင် ဒဏ်ငွေကျပ် သုံးသောင်းဆောင်စေပြီးမှ သိမ်းဆည်းသွားသည့် မော်တော်ယာဉ်အား ထုတ်ယူခွင့်ပြုကြောင်း ကိုယ်တိုင် အဖမ်းခံရသူအချို့က ပြောဆိုသည်။

ကား၊ ဆိုင်ကယ် သတ်မှတ်ချက်မရှိဘဲ ပထမအကြိမ် အဖမ်းခံရပါက ကျပ် သုံးသောင်း ဒဏ်ကြေးဆောင်ရကြောင်း ဆိုသည်။

“တချို့တွေက အစိုးရအသစ် တက်ပြီဆိုတော့ စုံ၊ မ စနစ်မရှိတော့ဘူးဆိုပြီး ပြောနေကြတာရှိတယ်။ စုံ၊မ စနစ်က ရှိနေသေးတယ်။ ‌တကယ်လည်းဖမ်းနေပါတယ်” ဟု ကိုယ်တိုင် အဖမ်းခံရသူ ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ဧပြီလ ၇ ရက်တွင် ပြောဆိုသည်။

ထားဝယ်မြို့တွင် စုံ၊ မ စနစ် စည်းကမ်းသတ်မှတ်ချက် မလိုက်နာသူများကို မတ်လ ၂၆ ရက်မှစပြီး ဖမ်းဆီးအရေးယူမည်ဟု စစ်ကော်မရှင်က ကြေညာထားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ဖမ်းဆီးရေးအဖွဲ့သည် နေရာအတည်တကျဖြင့် ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ မြို့တွင်း ရွေ့လျားပုံစံဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း ကိုယ်တိုင် အဖမ်းခံရသူအချို့က ပြောသည်။

“လမ်းကြို၊ လမ်းကြားတွေထဲမှာတော့ သူတို့ ဝင်မစစ်ဘူး။ မိန်းလမ်းမတွေပေါ်မှာပဲ စစ်တာများတယ်” ဟု အိမ်စီးကားဖြင့် အဖမ်းခံရသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်ဆေးဖမ်းဆီးချိန် တရားရုံတွင် ဒဏ်ငွေ မဆောင်ရဘဲ ဖမ်းဆီးသူများကို ငွေပေးပြီး ပြန်လွတ်သူများ လည်းရှိကြောင်း မြို့ခံအချို့က ‌ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကိုယ်တိုင် အဖမ်းခံရသူသုံးဦးအား Dawei Watch အနေဖြင့် ဆက်သွယ်မေးမြန်းရာတွင်မူ ၎င်းတို့သုံးဦးစလုံးသည် တရားရုံးတွင် ဒဏ်ငွေဆောင်ရကြောင်းသာ ပြောဆိုကြသည်။

စုံ၊မ စနစ် ဖောက်ဖျက် မောင်းနှင်သူများကို ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ချမှတ်မည်ဟု ဆိုကြောင်း ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။

ထားဝယ်မြို့တွင် စုံ၊ မ စနစ်ဖြင့် မော်တော်ယာဉ်များ အလှည့်ကျ မောင်းနှင်းရသည့်အပြင် စက်သုံးဆီဝယ်ယူရာတွင်လည်း အချိန်ကန့်သတ်ချက်ဖြင့်သာ ဝယ်ယူနေကြရသည်။