လောင်းလုံးမြို့အနောက်ဘက်တွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှ စတင်ကာ တောမီးလောင်ကျွမ်းနေပြီး ရော်ဘာခြံများအနီးသို့ ကူးစက်လာနေကြောင်း ဥယျာဉ်ခြံပိုင်ရှင်အချို့ထံမှ သိရသည်။
လောင်းလုံးမြို့၊ ပန်းတောဝဘုန်းကြီးကျောင်းမှ ပညစ်ကျေးရွာဘက်သို့ သွားသည့်လမ်း၊ ဒေသအခေါ် သရက်ငါးပင်နေရာတွင် တောမီးလောင်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
အဆိုပါနေရာအနီးတွင် ဒေသခံများ၏ ရော်ဘာခြံ ဧကအမြောက်အမြားရှိနေပြီး ရော်ဘာစေးခြစ်နေကြသည်။
မည်သည့်နေရာမှ စတင်လောင်ကျွမ်းသည်ကို မသိရသေးသည့် အဆိုပါတောမီးမှာ လောင်းလုံးမြို့ဘက်ခြမ်းသို့ ဦးတည်နေပြီး လက်ရှိတွင် ရော်ဘာခြံများအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဥယျာဉ်ခြံပိုင်ရှင်တစ်ဦးက ယနေ့ ညနေ ၃ နာရီကျော်အချိန်တွင် ပြောကြားသည်။
“မီးကတော့ တော်တော်ပြင်းတယ်။ ကျွန်တော်တို့ ရော်ဘာခြံနဲ့ဆိုရင် သုံးလေးခြံခြားလောက်ကို (တောမီး) ရောက်နေပြီ” ဟု ၎င်းက ဆိုသည်။
မီးငြိမ်းသတ်ရန် မဖြစ်နိုင်သဖြင့် ဥယျာဉ်ခြံပိုင်ရှင်များ စုပေါင်းကာ မီးလမ်းဖြတ်ခြင်းများ ဆောင်ရွက်နေကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
တောမီးလောင်ကျွမ်းနေပြီး ရော်ဘာခြံများအနီးသို့ ချဉ်းကပ်လာနေသည်ကို မသိရှိသေးသည့် ဥယျာဉ်ခြံပိုင်ရှင်များလည်း ရှိနေသေးကြောင်း ၎င်းက ပြောဆိုသည်။
ယခု တောမီးလောင်ကျွမ်းနေသည့်နေရာမှာ ယခင်က မကြာခဏ မီးလောင်ဖူးသော်လည်း မီးမလောင်သည်မှာ ငါးနှစ်ဝန်းကျင်ခန့် ရှိနေပြီဖြစ်ကြောင်း ဥယျာဉ်ခြံပိုင်ရှင်တို့က ပြောဆိုသည်။
အေးမြခြောက်သွေ့သည် လေများတိုက်ခတ်နေသော ဆောင်းရာသီတွင် လောင်းလုံးမြို့နယ်ရှိ တောတောင်များ၌ မကြာခဏ တောမီးလောင်ကျွမ်းလေ့ရှိသည်။







