ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း ပိန်းတောရွာတွင် စစ်အာဏာရှင်တပ် ခြိမ်းခြောက်ငွေတောင်း

January 8, 2026

သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာရှိ နေအိမ်အချို့တွင် စစ်အာဏာရှင်တပ်က ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံ ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သင်းကျွန်းရွာမှတစ်ဆင့် ဇန်နဝါရီလ ၆ ရက်တွင် ရောက်ရှိလာပြီး ပိန်းတောရွာတွင် နှစ်ရက် တပ်စွဲခဲ့သည့် စစ်အာဏာရှင် တပ်ဖွဲ့ဝင်များသည် ယခုကဲ့သို့ ငွေကြေးတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ပိန်းတောရွာ ကမ်းနားဘက်ရှိ နေအိမ်အများစုတွင် မှတ်ပုံတင် ဝင်ရောက်စစ်ဆေးဟန် လုပ်ပြပြီး ငွေကြေးတောင်းခံသွားကြောင်း ပိန်းတောရွာခံတစ်ဦးက ဆိုသည်။

“ကမ်းနားပိုင်း တစ်ပိုင်းလုံးဆို ပါသွားတာ သိန်းရာနဲ့ ချီပြီးကို ရှိမယ်။ တစ်အိမ်ကို တစ်သိန်း၊ နှစ်သိန်း၊ တစ်သိန်းခွဲ။ လှေတွေမှာဆို ငါးသိန်း၊ အဲဒီလိုတောင်းသွားတာ ရှိတယ်” ၎င်းက ဆိုသည်။

ပိန်းတောရွာ ကမ်းနာတစ်လျှောက်တွင် နေအိမ် တစ်ရာဝန်းကျင်ရှိပြီး ငွေကြေးတောင်းယူ ခံရသည့် နေအိမ်အရေအတွက်ကိုမူ အတိအကျ မသိသေးပေ။

ပိန်းတောရွာတွင် တပ်လာစွဲသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်အင်အား ငါးဆယ်ဝန်းကျင်ရှိပြီး ယင်းအနက် အရက်မူးနေသည့် စစ်အာဏာရှင်တပ်သား သုံးဦးက ရွာထဲပတ်ပြီး ငွေကြေး တောင်းယူသွားခြင်းဖြစ်ကြောင်း ပိန်းတောရွာခံ အခြားတစ်ဦးက ပြောဆိုသည်။

“အိမ်မီးရှို့မယ်၊ ပစ်သတ်မယ်နဲ့ ပြောပြောပြီးတောင်းတာ၊ အဲဒီတော့ ပေးလိုက်ကြရတာပေါ့။ လိုက်တောင်းပြီးရင် အရက် သွားသောက်တယ်။ ပြီးရင်ပြန်ဆင်းလာပြီး ပိုက်ဆံထပ်တောင်းတာ။ သုံးကောင်တည်းလုပ်နေတာ၊ အထက်ကလူတွေ သိလား မသိလားတော့ မသိဘူး။ အဲဒီသုံးကောင်က ရပ်လို့တောင် မနိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ယခုလ အစောပိုင်းတွင် သရက်ချောင်းမြို့မှ သင်းကျွန်းရွာသို့ ရောက်ရှိလာပြီး သင်းကျွန်းရွာမှတစ်ဆင့် ပိန်းတောရွာသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

ယမန်နေ့ ဇန်နဝါရီ ၇ ရက်တွင်မူ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ သရက်ချောင်းမြို့သို့ ပြန်ဆင်းသွားပြီဖြစ်သော်လည်း လက်ရှိတွင်မူ သင်းကျွန်းရွာနှင့် ရန်တောင်ရွာတို့တွင် ထားဝယ်မြို့ဘက်မှ ဆင်းလာသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ထပ်မံတပ်စွဲထားကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ လကုန်ပိုင်းကလည်း သင်းကျွန်းနှင့် ရန်တောင်ရွာတို့တွင် တပ်စွဲခဲ့သည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးကာ ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ကြသေးသည်။