ရုရှားအလံတင် ရေနံတင်သင်္ဘောကို ဖမ်းဆီးလိုက်ခြင်းအပေါ် စစ်ရေးအရ လက်တုံ့ပြန်ရန် လိုအပ်ပြီး လိုအပ်လျှင် အဏုမြူလက်နက်သုံးစွဲရန် ရုရှားအဆင့်မြင့်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုကြောင်း ရုရှားမီဒီယာများက ဇန်နဝါရီ ၇ ရက်နေ့တွင် ဖော်ပြသည်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ဖမ်းဆီးပြီးနောက် အမေရိကန်သည် မည်သည့် ပြစ်ဒဏ်ကိုမျှ မခံရသည့် သုခချမ်းသာကို ခံစားနေရကြောင်း ရုရှားအောက်လွှတ်တော် ကာကွယ်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ အလက်ဆီ ဇူရာဗလီယော့ဗ်က ပြောသည်။
“ကျွန်တော်တို့ စစ်ရေးအရ တုံ့ပြန်ဖို့ လိုပါတယ်။ တော်ပီဒိုတွေနဲ့ တိုက်ခိုက်တာ ဒါမှမဟုတ် အမေရိကန်သင်္ဘော နှစ်စီးသုံးစီးလောက်ကို နှစ်မြှုပ်ပစ်တာမျိုး လုပ်ရပါမယ်” ဟု ၎င်းက ဆိုသည်။
အရပ်ဘက် သင်္ဘောတစ်စီးကို အမေရိကန်ရေတပ်က သိမ်းဆည်းခြင်းသည် ပင်လယ်ဓားပြ လုပ်ရပ်ဖြစ်ပြီး ရုရှားအလံလွှင့်ထူးထားသည့် ရေနံတင်သင်္ဘောကို သိမ်းဆည်းခြင်းက ရုရှားပိုင်နက်ကို တိုက်ခိုက်ခြင်းနှင့် အတူတူဖြစ်ကြောင်း အလက်ဆီ ဇူရာဗလီယော့ဗ်က ပြောဆိုသည်။
ထို့ကြောင့် ပြတ်ပြတ်သားသား အမြန်ဆုံး တုံ့ပြန်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီလို တိုက်ခိုက်မှုမျိုးကို အဏုမြူလက်နက်တွေနဲ့ တုံ့ပြန်ဖို့ ကျွန်တော်တို့ရဲ့ စစ်ဘက်မူဝါဒမှာတောင် ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီရေနံတင်သင်္ဘောရဲ့ အနီးအနားမှာလည်း ရုရှားရေငုပ်သင်္ဘော တစ်စီးနဲ့ ရုရှားစစ်သင်္ဘောတွေ ရှိနေတာကြောင့်လည်း ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ရုရှားအလံတင် ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က မြောက်အတ္တလန္တိတ်သမုဒ္ဒရာ အတွင်း ဖမ်းဆီးလိုက်ကြောင်း ဇန်နဝါရီ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ ရေနံတင်သင်္ဘောအား ရုရှားဘက်မှ ရေငုပ်သင်္ဘောတစ်စင်းစေလွှတ်၍ လိုက်ပါ စောင့်ရှောက်ပေးခဲ့သော်လည်း အမေရိကန်က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။







