ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စုရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေး တစ်ဆယ်ကျော်၊ ပြည်သူ့ပါတီကတစ်ဦး အနိုင်ရ

January 8, 2026

စစ်ကော်မရှင် ကျင်းပသည့် တနင်္သာရီတိုင်း ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း လေးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁၁ဦး၊ ပြည်သူ့ပါတီက တစ်ဦး အနိုင်ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ကြံ့ခိုင်ရေးပါတီက ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရထားသည်။

ယင်းအပြင် အပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးနှင့် အပိုင်း (၂) တွင် ပါဝင်သည့် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးမှာလည်း ပြိုင်ဘက် မရှိသဖြင့် ယှဉ်ပြိုင်ရန် မလိုတော့ဘဲ ကြံ့ခိုင်ရေးပါတီက အလိုအလျောက် အနိုင်ရထားသည်။

ယင်းအတွက်ကြောင့် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ခြောက်ဦး အနိုင်ရထားသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင်မူ ကြံ့ခိုင်ရေးပါတီက ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်တို့တွင် သုံးဦး အနိုင်ရထားသည်။

ယင်းအပြင် သရက်ချောင်းနှင့် ရေဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်တွင်လည်း ပြိုင်ဘက်မရှိသဖြင့် ပြိုင်ရန် မလိုတော့ဘဲ ကြံ့ခိုင်ရေး ပါတီက နှစ်ဦး အလိုအလျောက်အနိုင်ရနေသည်။

ယင်းအတွက်ကြောင့် ရွေးကောက်ပွဲအပိုင်း (၁) အပြီး တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီသည် ပြည်သူ့လွှတ်တော် ခြောက်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ငါးဦး စုစုပေါင်း ၁၁ ဦး အနိုင်ရထားသည်။

ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီကမူ မြိတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်တစ်နေရာ အနိုင်ရရှိထားသည်။

အမျိုးသားလွှတ်တော်အတွက်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခြင်း မရှိသေးပေ။

ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် အနိုင်ရသူများမှာ ထားဝယ်မြို့နယ်တွင် ဒေါက်တာကျော်ကျော်ဌေး၊ မြိတ်မြို့နယ် တွင် ဦးလင်းအောင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဦးအောင်လင်းလှိုင်၊ ကော့သောင်းမြို့နယ်တွင် ဦးကျော်သူတို့ဖြစ်သည်။

ပြိုင်စရာမလိုဘဲ အနိုင်ရ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှာ ကြံ့ခိုင်ရေးပါတီမှ လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် အတွက် ဦးတင့်လွင်နှင့် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဦးမင်းနိုင်တို့ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော်တွင်မူ ကြံ့ခိုင်ရေးပါတီမှ လက်ရှိစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်မြို့နယ်တွင် အနိုင် ရရှိခဲ့ပြီး ကော့သောင်းမြို့နယ်တွင် ဒေါက်တာဝင်းအောင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဦးအောင်ကျော်ကျော်ဦးတို့ အနိုင်ရခဲ့ သည်။

မြိတ်မြို့နယ်တွင် ပြည်သူ့ပါတီက ဦးခိုင်ဦးက အနိုင်ရရှိခြင်းဖြစ်သည်။

စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်သည့်အပြင် ပိုမိုဆိုးရွားသွားနိုင်ကြောင်း နိုင်ငံတကာအသိုက်အဝန်းက ထောက်ပြပြောဆိုမှုများရှိနေသည်။