အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ပြေးတိမ်းရှောင်ရန် အရန်အစီအစဉ် ပြုလုပ်ထားကြောင်း လန်ဒန်အခြေစိုက် The Times သတင်းစာက ဖော်ပြသည်။
အီရန်လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို နှိမ်နှင်းနိုင်စွမ်း မရှိတော့လျှင် သို့မဟုတ် တပ်မှ စွန့်ခွာမှုများ ဖြစ်ပေါ်လာလျှင် အယာတိုလာ အလီ ခါမေနီက ယင်းသို့ ထွက်ပြေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။
၎င်း၏ မိသားစုနှင့်အတူ အယုံကြည်ရဆုံး လက်ထောက် ၂၀ ဦးခန့် ပါဝင်သည့် လူယုံအဖွဲ့နှင့် မော်စကိုသို့ တိမ်းရှောင်ရန် အရန်အစီအစဉ် ပြုလုပ်ထားကြောင်း ဆိုသည်။
“ဒီလိုမျိုး ထွက်ပြေးမယ့် အရန်အစီအစဉ်မှာ ခါမေနီနဲ့အတူ သူ့အရိုက်အရာကို ဆက်ခံဖို့ လျာထားခံရတဲ့ သားဖြစ်သူ မိုဂျတာဘာ အပါအဝင် အနီးကပ် လူယုံတော်တွေနဲ့ မိသားစုဝင်တွေ ပါဝင်ပါတယ်” ဟု အစ္စရေးထောက်လှမ်းရေးတွင် ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ခဲ့သူ ဘက်နီဆတ်ဘ်တီက ပြောကြားခဲ့ကြောင်း The Times သတင်းဌာနက ဖော်ပြသည်။
ခါမေနီတွင် အခြား ထွက်ပြေးရန် နေရာမရှိသောကြောင့် မော်စကိုသို့သာ ထွက်ပြေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ခါမေနီသည် ရုရှားသမ္မတပူတင်အား လေးစားကြည်ညိုသူဖြစ်ပြီး အီရန်ယဉ်ကျေးမှုသည် ရုရှားယဉ်ကျေးမှုနှင့် ပိုမိုနီးစပ်မှုရှိကြောင်း ဘက်နီဆတ်ဘ်တီက ပြောသည်။
“သူတို့ ထွက်ပြေးဖို့ လိုအပ်တယ်လို့ ယူဆရင် တီဟီရန်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နိုင်မယ့် လမ်းကြောင်းတစ်ခုကို ကြိုတင်ရေးဆွဲထားပြီးပါပြီ” ဟု ၎င်းက ပြောဆိုကြောင်း The Times သတင်းစာက ဖော်ပြသည်။
ဘေးကင်းစွာ ထွက်ပြေးတိမ်းရှောင်နိုင်ရေးအတွက် ခါမေနီမိသားစု၏ ပိုင်ဆိုင်မှုများ ၊ ပြည်ပရှိ အိမ်ခြံမြေများနှင့် ငွေသားများကို စုဆောင်းပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
Source: The Times







