ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကံပေါက်တွင် မောရဝတီရေတပ်က မဲစာရင်းစစ်ပြီး မဖြစ်မနေ မဲလာပေးရန် အိမ်တိုင်ရာရောက်ဖိအားပေး

January 8, 2026

ပုံစာ - မောရဝတီရေတပ်က စစ်အာဏာရှင်တပ်သားများကို ကံပေါက်ရွာ၊ ရပ်ကွက်တစ်ခုအတွင်းတွေ့ရစဥ် ။ (ပုံဟောင်း) ဓာတ်ပုံ - CJ

မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိရာ ကံပေါက်ဒေသတွင် စစ်အာဏာရှင်တပ်သားများကိုယ်တိုင် မဲစာရင်း လိုက်စစ်နေပြီး မဖြစ်မနေ မဲလာပေးရန်လည်း အိမ်တိုင်ရာရောက် လိုက်လံဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ဇန်နဝါရီလ ၅ရက်၊ ၆ရက် နှင့် ၇ရက် သုံးရက်ဆက်တိုက် ကံပေါက်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်များသို့ စစ်အာဏာရှင်တပ်သားများ ကားသုံးစီးဖြင့် ရောက်လာပြီး မဲစာရင်းစစ်ကြောင်း ဒေသခံများက ဆိုသည်။

အရက်ဆိုင်၊ ရပ်ကွက်ဓမ္မာရုံ စသည့်နေရာတို့တွင် ပထမနှစ်ရက်၌ စုရပ်လုပ်ကာ မဲစာရင်းလာစစ်ခိုင်းပြီး နောက်တစ်ရက်တွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ရှိမရှိ အိမ်တိုင်ရာရောက် ထပ်မံလိုက်စစ်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

“ပထမရက်မှာက ညဘက်ကြီး အရက်ဆိုင်မှာ မဲစာရင်းလာစစ်ဖို့ခေါ်လို့ သွားစစ်ရတယ်။ နောက်တစ်ရက်က အခြားရပ်ကွက်က ဓမ္မာရုံတွေမှာ စုရပ်လုပ်ပြီး စာရင်း ထပ်ကောက်တယ်။ ပြီးမှ သူတို့ပေးခဲ့တဲ့ စာရွက်တွေ ရှိမရှိ လိုက်စစ်ပြီး မဲလာပေးဖို့က တစ်နေ့လိုက်ပြောတယ်” ဟု ကံပေါက်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းသို့ မဲစာရင်းလိုက်စစ်ရာတွင် အရပ်သားဝန်ထမ်းများ ပါဝင်ခြင်းမရှိဘဲ မောရဝတီရေတပ်က စစ်အာဏာရှင်တပ်သားများ နှင့် ကံပေါက်ရဲစခန်းက ရဲအရာရှိ တစ်ဦးသာပါဝင်ကြောင်း ကိုယ်တိုင်ကြုံရသည့် ဒေသခံများက ဆိုသည်။

မဖြစ်မနေ မဲလာပေးရန် နေအိမ်များသို့ ဝင်ရောက်ပြောဆိုရာတွင် စစ်အာဏာရှင်တပ်သားများက လက်နက်များဖြင့် လာရောက် ပြောဆိုသဖြင့် ထိတ်လန့်ကြောင်း ဒေသခံများက ပြောဆိုသည်။

ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမည့် ဇန်နဝါရီလ ၁၁ ရက်တွင်လည်း ယင်းသို့ အိမ်တိုင်ရာရောက် မဲပေးရန်ထပ်မံ ဖိအားပေးမည်ကို ဒေသခံများအကြား စိုးရိမ်နေကြကြောင်း ပြောဆိုနေကြသည် ။

“အခုက မဲစာရင်းစစ်တာလေးတောင် သေနတ်တကားကားနဲ့၊ အဲဒီနေ့ (ရွေးကောက်ပွဲနေ့) လည်း အခုလို မလုပ်ဘူး မပြောနိုင်ဘူး။ ခါတိုင်း လုပ်နေတဲ့ပုံစံလို လမ်းပိတ်ချတာ၊ အင်တာနက်ဖြတ်တာတွေလည်း လုပ်ဦးမှာပဲ” ဟု ကံပေါက်ရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ကံပေါက်ရွာတွင် အလားတူ အိမ်တိုင်ရာရောက် လူဦးရေစာရင်း လိုက်ကောက်ခဲ့စဥ်ကမူ နယ်ခံမဟုတ်သည့်အရပ်သားဝန်ထမ်းများက စာရင်းကောက်ကာ မောရဝတီက စစ်အာဏာရှင်တပ်သားများက လုံခြုံရေးယူခဲ့သည်။

ကံပေါက်တိုက်နယ်သည် စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၂ တွင်ပါဝင်သော တနင်္သာရီတိုင်းအတွင်းက သုံးမြို့နယ်ဖြစ်သည့် ရေဖြူ၊ကျွန်းစုနှင့် တနင်္သာရီ သုံးမြို့နယ်အနက် ရေဖြူမြို့နယ် တွင်ပါဝင်သည်။

တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးကျင်းပနိုင်ခြင်းမရှိဘဲ မောရဝတီရေတပ်နှင့် ယင်းတပ်က လက်နက်တပ်ဆင် ထား သည့် ပျူစောထီးတပ်ဖွဲ့များ လက်လှမ်းမှီသည့် ကျေးရွာအုပ်စု ငါးခုတွင်သာ ပြုလုပ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရသိရသည် ။