BREAKING
November 7, 2025

ရေဖြူ မူးဒူးရွာတွင် စစ်အာဏာရှင်တပ် လူဦးရေစာရင်းထပ်ကောက်

November 7, 2025

ပုံစာ - မူးဒူးရွာတစ်နေရာ(ပုံဟောင်း)

ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာတွင် စစ်အာဏာရှင်တပ်က လှည့်ကင်းပတ်ပြီး ယနေ့ နိုဝင်ဘာလ ၇ရက် နံနက်ပိုင်းမှစတင်ကာ လူဦးရေစာရင်း ထပ်မံကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိ ယာယီစစ်စခန်းသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်သည် မူးဒူးရွာသို့ နိုဝင်ဘာလ ၄ ရက်တွင် ရောက်ရှိပြီး နိုဝင်ဘာလ ၅ ရက် ညနေပိုင်းအထိ လူဦးရေစာရင်း ကောက်ယူကာ ယာယီစစ်စခန်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ် ကျေးရွာသို့ ရောက်ရှိလာချိန် ဒေသခံများ တိမ်းရှောင်ခဲ့ကြပြီး စစ်အာဏာရှင်တပ် ပြန်လည် ထွက်ခွာပြီး နောက်တစ်ရက် နိုဝင်ဘာလ ၆ရက်တွင် ဒေသခံများလည်း ကျေးရွာသို့ ပြန်လာကြကြောင်း ၎င်းတို့က ဆိုသည်။

နိုဝင်ဘာလ ၆ ရက် ည ၁၁ နာရီခန့်တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား တစ်ရာခန့် မူးဒူးရွာသို့ ပြန်လည်ရောက်ရှိလာပြီး လူဦးရေစာရင်း ထပ်မံကောက်ယူနေသလို ကျေးရွာအတွင်းလည်း ကင်းလှည့်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“ညတွင်းချင်း ရောက်လာတယ်။ ကျွန်မတို့လည်း သတင်းရလို့ ပြန်ထွက်ပြေး။ အခုထပ် ကောက်နေပြန်ပြီ။ မှတ်ပုံတင်နံပါတ် ပေးရတယ်။ မှတ်ပုံတင် မရှိတဲ့သူက နာမည် ပေးရင်ရပြီလို့သူတို့ ပြောတယ်။ ရွာက လူငယ်၊ လူလတ်ပိုင်းတွေက ညကတည်းကစပြီး ပြန်ထွက်ပြေးကုန်ကြပြီ။ အခုရွာထဲရှိတဲ့သူတွေပဲ စာရင်းသွားပေးနေကြရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းကစ၍ မူးဒူးကျေးရွာအတွင်း သုံးရက်မြောက်အဖြစ် လူဦးရေစာရင်း ကောက်ယူနေခြင်းဖြစ်သည်။

ယင်းသို့ကောက်ယူရာတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား သုံးဆယ်ခန့်သည် နေ့လယ်ပိုင်းတွင် မူးဒူးကျေးရွာအတွင်း လှည့်ကင်းပတ်ပြီးနောက် မြက်ရိတ်နေသည့် အသက် ၆၀ ကျော်အရွယ်ရှိ ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ကာ နာရီပိုင်းအကြာတွင် ပြန်လွတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ယနေ့ ညနေပိုင်း၌ မူးဒူးကျောင်ကြီး (ဘုန်းကြီး) ကျောင်းတွင် တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မူးဒူရွာသည် နဘုလယ်ဒေသနှင့် လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းမပေါ်၌ရှိပြီး အိမ်‌ခြေငါးရာနီးပါးနှင့် လူဦးရေ နှစ်ထောင်နီးပါးရှိကြောင်း ၂၀၁၄ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ သိရသည်။

“စစ်တပ်က မူးဒူးမှာရှိရင် ကျွန်မတို့ အဲဒီလမ်းက သွားတာလာတာမလုပ်ဘူး” ဟု နဘုလယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၆ ရက်တွင်လည်း လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် လူဦးရေစာရင်းလိုက်လံ ကောက်ယူခဲ့ပြီး မြေပြင်လုံခြုံရေး အမြောက်အများအသုံးပြုသည့်အပြင် လေယာဉ်လည်း ပျံဝဲခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။