လောင်းလုံးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည်မှာ ရက်ပေါင်းလေးဆယ်နီးပါး ရှိလာပြီဖြစ်သော်လည်း ဓာတ်အားပြန်လည်ဖြန့်ဖြူးနိုင်မည့်အချိန် အတိအကျ မပြောနိုင်သေးကြောင်း မြို့နယ်လျှပ်စစ်မှူးက ပြောဆိုသည်။
လောင်းလုံးမြို့ပေါ်တွင် စက်တင်ဘာလ ၃၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းပစ်ခတ်ခဲ့သည့် ကျည်ဆန်အချို့က မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံရှိ 5 MVA Transformer ကို ထိမှန်ကာ အပေါက်ဖြစ်သွားကြောင်း ထားဝယ်ခရိုင်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် Petro & Tran ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
လတ်တလောတွင် အပေါက်ဖြစ်သွားသည့် 5 MVA Transformer နေရာတွင် အသစ်ဝယ်ယူအစားထိုးနိုင်ခြင်းမရှိသဖြင့် ယင်း Transformer ကိုပင် ပြုပြင်နေကြောင်း မြို့နယ်လျှပ်စစ်မှူးက ပြောဆိုသည်။
“ဒီပစ္စည်း( 5 MVA Transformer) ကို ပြန်ဖာနေတယ်ဗျ။ အသစ်ကမလဲနိုင်ဘူးလေ။ ပေါက်တဲ့ပစ္စည်းကိုပဲ အင်ဂျင်နီယာနဲ့ပြန်ဖာဖို့လုပ်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။
သို့သော် Transformer အားပြန်ဖာထေးရန်အတွက်လည်း ကျွမ်းကျင်သည့် လျှပ်စစ်အင်ဂျင်နီယာလိုအပ်ပြီး ထိုအင်ဂျင်နီယာများကို ခေါ်ထားဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
လျှပ်စစ်ဌာနရှိ အင်ဂျင်နီယာများမှာလည်း လုံခြုံရေးအခြေအနေအရ လောင်းလုံးမြို့နယ်ကို ပို့ဆောင်ရန် အခက်အခဲရှိနေသည်ဟု ၎င်းကဆိုသည်။
Dawei Watch က သီးခြားရရှိသော သတင်းများအရ ပေါက်သွားသည့် Transformer ကို ပြန်လည်ဖာထေးပြီး စမ်းသပ်ကြည့်ရာတွင် ထပ်ပေါက်သွားသဖြင့် ပထမအကြိမ် ပြုပြင်မှု မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
လောင်းလုံးမြို့နယ်ရှိ ဒေသခံများမှာမူ လျှပ်စစ်ဓာတ်အား ရက်ရှည်ပြတ်တောက်နေကြသဖြင့် ဖုန်းအားသွင်းရန် ၊ ရေတင်ရန်မှစပြီး ဒေသခံများ အခက်ကြုံနေရသလို စီးပွားရေးလုပ်ငန်းများလည်း အခက်တွေ့နေကြရသည်။
လတ်တလော လျှပ်စစ်မီးပြဿနာအတွက် ဒေသခံများသည် ကျပ်တစ်သိန်းဝန်းကျင် ဆိုလာ၊ ဘက်ထရီ၊ အားသွင်းမီးလုံးများကို ဝယ်ယူအသုံးပြုနေကြပြီး အချို့တတ်နိုင်သူများက ကျပ်သိန်းဆယ်ချီတန်သည့် ဆိုလာပစ္စည်းများ ဝယ်ယူတပ်ဆင်နေကြသည်။
“လျှပ်စစ်ပြန်ရလည်း ဒီနိုင်ငံရေးအခြေအနေနဲ့ နောက်ထပ်မီးပြန်ပျက်မှာပဲ။ အဲဒါချင်းအတူတူ မထူးဘူးဆိုပြီး (ကျပ်) သိန်းသုံးဆယ်ဖိုး ဆိုလာဆင်ထားလိုက်တယ်” ဟု မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကဆိုသည်။
ပုံမှန်အားဖြင့် Transformer၊ လျှပ်စစ်မီးကြိုး၊ မီးတိုင်များ ချို့ယွင်းပျက်စီးပါက လျှပ်စစ်ဌာနကသာ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း လတ်တလောတွင်မူ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတာဝန်ယူထားသည့် Petro & Tran ကုမ္ပဏီကသာ တာဝန်ယူပြုပြင်နေရကြောင်း သိရသည်။







