ကြောက်ကြောက်နဲ့ မရေးဖြစ်တာကြာပါ့။ အခုလည်း ကြောက်ကြောက်နဲ့ပဲ သဘောမျှကြည့်ပါမယ်။
ဒီလို . . . ။
အများနည်းတူလိုပဲ ခေတ်မကောင်းတော့ ကိုယ်တွေလည်း သျှမ်းကမ်း (ထိုင်း) ကို ဝေလေလေနဲ့ ရောက်လာတာပေါ့။ ပြီးခဲ့ အပတ်တွေတုန်းက ထိုင်းတောင်ပိုင်းကို သူများတွေနဲ့ ကပ်လိုက်ခွင့်ရတယ်။ ထုံးစံအတိုင်း အမျိုးတွေနဲ့တွေ့တာပေါ့။ ရောင်စုံမီးတွေနဲ့ မြို့တော်က စားသောက်ဆိုင်၊ အလုပ်သမား တန်းလျား၊ ဒူရင်းတော၊ ဆီအုန်းတော့ အစုံပါပဲ။ အသံတွေလည်း နားထောင်ရတယ်။
မေးခွန်းက ငါတို့ ဘယ်ခရီးရောက်နေပြီလဲပေါ့။
သွားတော့ သွားနေတာပဲ။ ဒါပေမဲ့ ဘယ်သောင် ဘယ်ကမ်းဆိုက်နေပြီလဲ ပြောကြဆိုကြပေါ့။ စကားလုံးတွေကတော့ အများကြီး ထွက်လာတယ်။ သုံးယောက်နဲ့ လေးဖွဲ့ ဖြစ်နေတယ်။ ဆရာများနေတယ်။ သူတလူ ငါတစ်မင်း။ ဘာလို့ စုလို့ မရတာလဲ။ ဘာလို့ အဖွဲ့တွေက များနေရတာလဲ။ စသည်ဖြင့် အချို့ကလည်း တိုးတိုးသာသာ ပြောတယ်။ အချို့ကလည်း ဘယ်အချိန်ကတည်းက တင်းနေလဲ မသိဘူး။ ဒေါသ တကြီးပဲ။ ဒီလိုနဲ့ပဲ လေးငါးနှစ် ကြာတဲ့ အထဲ အကောင်အထည် သေသေချာချာ၊ အားနဲ့ အင်နဲ့ လုပ်နိုင်ဖို့ လိုသေးတာ ပြောကြတယ်။
ကိုယ့်အမျိုးတွေ ဒီလို ပြောဖြစ်သလို အခြား တိုင်းရင်းသား အုပ်စုတွေနဲ့ ထွေထွေရာရာ ပြောဖြစ်တာလည်း ရှိတယ်။ တခါခါ တွေ့ပွဲ ဆုံပွဲတွေ သွားတက်ဖြစ်တာလည်း ရှိတယ်။ အဲဒီမှာ သူများတွေ ဘယ်လိုလုပ်နေလဲ မြင်ရ၊ ကြားရတယ်။ စာရင်းဇယားတွေ တွေ့ရတယ်။ အဲဒီတော့ ထင်ထင်ရှားရှားတွေ့ရတာက ကိုယ်တွေ တော်လှန်ရေးက အကောင်နဲ့ အထည်နဲ့ လောက်လောက်လားလား ပေါ်ဖို့ ကောင်းနေပြီဆိုတာလည်း တွေးမိတယ်။
လုပ်နေလား ဆိုတော့ လုပ်နေတယ်။ သေချာ မြင်ရလား ဆိုတော့လည်း လက်ညှိုးထိုးပြလို့ မရပြန်။ မိတ်ဆွေ တစ်ယောက်ပြောတာဆိုရင် ထားဝယ်တော်လှန်ရေးက တစ်ရေ လို့ မရဖြစ်နေ။ ဗုံးတွေလည်း အကြဲခံရ၊ အလွတ်ကြီးလည်း အသတ်ခံရ။ အိပ်နေရင်းလည်း ဘာမှန်း မသိဘဲ အသက်ပေးလိုက်ရသူတွေလည်း များသား။ အနှစ်နှစ် အလလ စုဆောင်းတည်ဆောက်ထားရတဲ့ အိမ်တွေ၊ ဘ၀တွေ စိတ်ကူးတွေ၊ အိပ်မက်တွေ ခဏအတွင်း ပြိုပျက်သွား။ လူတွေကလည်း ပြေးနေရ။ ဟိုရွှေ့ သည်ရွှေ့ နေနေရ။ ကျောင်းမနေရတဲ့ ကလေးတွေ ကြီးကောင်ပေါက်လာပြီ။ နေရပ်စွန့်ခွာသူ စာရင်းက တဖြည်းဖြည်းတက်နေတယ်။ အခု နောက်ဆုံးလဆို တနင်္သာရီတစ်တိုင်းလုံးမှာ ရှစ်သောင်းလောက်ထိ ဖြစ်လာတယ်။ ရွာကသူတွေ ပြောစကားနဲ့ဆိုရင် ပြေးရတာ ကိစ္စ မရှိဘူး။ ပြေးရ တန်ဖို့လိုတယ်ပေါ့။ လူတွေ နာရတာ ကိစ္စ မရှိဘူး။ နာရတန်ဖို့ လိုတယ်ပေါ့။
ဒီလိုပြောတာကလည်း အပြစ်တင်ဖို့ မဟုတ်။ ခရီးကကြာလာပြီ။ အရင်းအမြစ်၊ ငွေကြေး၊ လူအား၊ သတ္တိအား၊ စိတ်ဓာတ်အားဆိုတာ အကန့်အသတ်နဲ့ ရှိတာကိုး။ ဖြစ်နေပျက်နေတာကို တော်တော်များများ နားလည်ပေးကြပါတယ်။ အပြစ်လည်း မတင်ကြပါဘူး။
တစ်ယောက်ဆို ပြောတယ်။
“စည်းလုံးပေးကြပါ။ ကျွန်တော် တို့မလုပ်နိုင်တဲ့အလုပ်ကို လုပ်နေကြတဲ့အတွက် အမြဲတမ်း ဂုဏ်ယူနေပါတယ်”
စည်းလုံး စုစည်းဖို့ လုပ်လာကြတာလည်း ကြာပါပြီ။ ဒါပေမဲ့ စုလိုက် ပျက်လိုက်နဲ့ ဖြစ်နေတာလည်း ကြာပြီ။ အဲဒီအတွက်လည်း နားလည်ဖို့ ကြိုးစားကြပါတယ်။ အချို့ဟာတွေက အခြေခံတွေ၊ ပိုင်းခြေတွေ တူမှကိုး။
နားလည်တာက တစ်ပိုင်း။ ဒါပေမဲ့ လမ်းပျောက်သလို ဖြစ်လာရင် အားလုံးက စိတ်အားလျှော့သွားကြမှာပဲ။ မသိသလို နေလိုက်ကြမှာပဲ။ ဒီလောက် ရင်းပြီးမှတော့ တန်ဖို့ လိုတာပေါ့။ ဆိုတော့ တော်လှန်ရေး နောက်ကြည့်မှန် လိုလာပြီ။ ရှေ့သို့ ရှေ့သို့ ချည်းပဲ မရတော့ဘူး။ တကယ်ကော ရှေ့သို့ နေလား ပြန်ကြည့်ဖို့လိုပြီ။
ငါတို့ ဘာတွေ လုပ်ခဲ့လဲ။ အခု ဘယ်သောင် ဘယ်စခန်းရောက်နေလဲ။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲ။ အားမနာဘဲ ကျကျနန၊ နာနာကျင်ကျင် ဆန်းစစ်ဖို့ လိုနေပြီ။ တောလိုလို၊ တောင်လိုလို လုပ်နေလို့ မရတော့တာ သေချာတယ်။ နို့မို့ဆို ရင်းရတာ မတန်လှပေဘူး။
ဒါနဲ့ ကိုယ်တွေ ကြားထဲ ပြောဖြစ် ဆိုဖြစ်တယ်။ ငါတို့ တော်လှန်ရေးက ဘာလဲပေါ့။ လုပ်တော့လည်း လုပ်နေတယ်။ ရှိလည်း ရှိနေတယ်။ အသက်တွေလည်း ပေးနေရတယ်။ လူထုကလည်း နာနေတယ်။ တော်လှန်ရေးက အကောင်အထည်လည်း သေသေချာချာ အားနဲ့ အင်နဲ့ မမြင်ရသေးဘူး။
ဒါဆို ငါတို့က သရဲတွေလားပေါ့။ ရှိတော့ ရှိတယ်။ မမြင်ရဘူး။ ဒါပေမဲ့ သရဲဆိုတော့ နည်းနည်းပါးပါးတော့ ကြောက်ကြဦးမယ်။ အဲဒီလိုလည်း မဟုတ်ပြန်ဘူး။
ဒါဆိုရင် နတ်လားပေါ့။ ရှိတော့ ရှိတယ် မမြင်ရဘူး။ နတ်ဆိုရင်လည်း တန်ခိုးတွေ ဘာတွေပြ၊ လူတွေက ယုံကြည်ပြီး ကိုးကြလားပေါ့။ ဒီလိုလည်း မဟုတ်နေပြန်ဘူး။
ဆိုတော့ ငါတို့က ကွက်ပျောက် သိုင်းလောကသားတွေလားပေါ့။ သိုင်းလောက ဥသျှောင်ဖြစ်သွားပြီး အကွက်တောင် မမြင်ရတော့တာလားပေါ့။ ဒါဆိုရင် တစ်ခုခု ထင်သာမြင်သာ ထိထိမိမိ ဖြစ်တာလေးတွေ မြင်ရ ရမယ်။ ဒီလိုလည်း မဟုတ်နေပြန်ဘူး။
ဒီလိုပြောတာ စောနက ပြောသလိုပဲ အပြစ်ပြောတာမဟုတ်၊ စော်ကားတာ မဟုတ်။ မှေးမှိန်သွားစေအောင် ပြောတာ မဟုတ်။ ဒီအချိန်မှတော့ ပြန်ကြည့်ရတော့မယ်။
အဲဒီမှာ ငယ်ငယ်က ဖန်တရာတေအောင် ကြည့်ခဲ့ရတဲ့ ဇာတ်လမ်းတို တစ်ခုကို သွားအမှတ်ရမိတယ်။ ယင်လုံ အိမ်သာ ဆောက်ဖို့ ပညာပေး ဇာတ်လမ်း ပါ။ ဇာတ်လမ်းထဲမှာ ကလေးကတော့ ဝမ်းလျှောနေပြီ။ ရုက္ခစိုးရှိတဲ့ သစ်ပင်ခြေရင်းမှာ မစင်စွန့်မိလို့ နတ်ဖမ်းစားတယ်လို့ အဖေဖြစ်သူက ထင်နေတယ်။ ဆိုတော့ သူ့သားလေး အမိုက်မဲကို ဗွေမယူဖို့ ရုက္ခစိုးနတ်မင်းကို သွားလျှောက်ပါလေရော။ အဲဒီမှာမှာ နတ်မင်းက ပေါ်လာပြီး
“မင်းတောင့်တလွန်းလို့ ငါကိုယ်ထင်ပြရတာကွ” ဆိုပြီး ဆုံးမ ပါလေရော။ ဝမ်းလျှောတာ နတ်ဖမ်းစားလို့ မဟုတ်။ ယင်လုံ အိမ်သာ မဆောက်လို့ ဆိုပြီး ဆောက်ပုံဆောက်နည်းတွေ လမ်းညွှန်လိုက်ပါလေရော။ အဖေ ဖြစ်သူလည်း နည်းလမ်းသိ၊ စည်းကမ်း ရှိသွားရောပေါ့။
ထားဝယ် တော်လှန်ရေးကလည်း အဲဒီလို ဖြစ်နေလား မသိဘူး။ လူတွေက မျှော်နေပြီ။ တောင့်တလွန်းနေကြပြီ။ စည်းလုံး ကြဖို့။ ကိုယ်နဲ့ ထည်နဲ့ ကိုယ်ထင်ပြဖို့။ အားနဲ့ အင်နဲ့ စုစုစည်းစည်း လုပ်ဖို့။ တော်လှန်ရေး ရုက္ခစိုးက ပျောက်နေလို့ မရတော့ဘူး။
ကိုယ်တွေကတော့ အခြေအနေ အရ သျှမ်းကမ်း ရောက်လာ။ ကိုယ်တွေလိုပဲ သိန်း သန်းနဲ့ချီပြီး ရောက်လာပြီ။ သျှမ်းကမ်းမှာလည်း အနေအစားက ချောင်လှတယ် မဟုတ်။ စာရွက်ဖိုးနဲ့တင် မွဲနေပြီ။ စိတ်ကလည်း မချမ်းသာလှဘူး။ သျှမ်းကမ်း မပြေးလာနိုင်သူတွေကလည်း အနေကျပ်၊ အသေကျပ်။
ကဲ . . . ပြောရရင် ထားဝယ်တော်လှန်ရေးပဲ ပြောပြော၊ တနင်္သာရီတိုင်းက တော်လှန်ရေးပဲ ဆိုဆို သရဲလိုလို၊ နတ်လိုလို ကိုယ်ပျောက်လုပ်နေလို့ မရတော့ဘူး။ ရုက္ခစိုးကြီးရေ ကိုယ်ထင်ပြပါတော့။ လုပ်စရာ ရှိတာ လုပ်ပါတော့။ ဒီမှာ တောင့်တလွန်းလှပြီ။
အခု ခေတ်စကားနဲ့ ပြောရရင် ဒလူလူ (Delulu) ဖြစ်နေလို့ မရတော့ဘူး။ အကွဲကွဲ အပြဲပြဲ လုပ်နေလို့မရတော့ဘူး။ အူတိုင် တစ်ခုခု နဲ့ ထွက်လာဖို့ လိုပြီ။ ထားဝယ်လိုပြောရင် တော်လှန်ရေး စိုးဘားဒိုင် ရှိဖို့ကောင်းနေပြီ။
ပျင်းလို့ရယ်၊ အဆူခံရမှာ စိုးလို့ရယ်၊ လွိုင်ကထုံလည်း မသွားဖြစ်ပါဘူး။ ကြောက်ကြောက်နဲ့ သျှမ်းကမ်းကနေ သဘောမျှလိုက်ပါတယ်။ ဒီလိုပါလို့။
◼︎ဗမောင်း






