BREAKING
October 18, 2025

စစ်အာဏာရှင်တပ်က ဖမ်းထားသည့် တနင်္သာရီဒေသခံ ၂၇ ဦးတွင် ၂၂ ဦးပြန်လွတ်

October 7, 2025

တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာဟောင်းမှနေ၍ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ဖမ်းဆီးထားသည့် ပြည်သူ ၂၇ ဦးအနက် ၂၂ ဦး ပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးထားသူများအနက် ၂၂ ဦးကို အောက်တိုဘာလ ၆ ရက်ညနေပိုင်းတွင် စစ်အာဏာရှင်၏ အမှတ် ၅၅၇ တပ် ‌ခြေမြန်တပ်ရင်းမှ ဘန်းလမွတ်ကျေးရွာသို့ ကားဖြင့်တင်ဆောင်၍ ပြန်လွှတ်ပေးလိုက်ကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ကျန်သည့် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးမှာ ပြန်မလွတ်သေးဘဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

“လှေထဲကနေ ဖမ်းသွားသူတွေလောက်ပဲ ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်တဲ့အထဲမှာ ကလေးနဲ့ မိန်းမတွေ များတယ်။ တိုက်ပွဲဖြစ်ပြီးနောက် ခြံထဲက ဖမ်းသွားသူတွေ ပြန်မလွတ်သေးဘူး”ဟု အထက်ပါ‌နီးစပ်သူက ဆိုသည်။

စက်တင်ဘာ ၃ ရက်‌နေ့က ကမ်းတိုရွာ‌ဟောင်းဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာချိန် ကမ်းတိုရွာဟောင်းဘက်မှ ကမ်းတိုရွာဘက် စျေးဝယ်ရန် လှေဖြင့်ကူးလာသည့် ပြည်သူ ၂၀ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့သလို ဥယျာဉ်ခြံများရှိ ပြည်သူများကိုလည်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသခံများ ဖမ်းဆီးထားချိန်က တစ်ဦးချင်းကို တစ်နေရာစီခွဲကာ စစ်ဆေးမေးမြန်းခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“ဘာတွေလုပ်နေလဲ။ ဘယ်ရွာသားတွေလဲ။သူတို့သိချင်တာတွေ လျှောက်မေးတယ်။ တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်မှုရှိလား ‌မေးတယ်”ဟု အထက်ပါ ‌ဒေသခံက ဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့က ကမ်းတိုရွာ‌ဟောင်းကို စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။