ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာတွင် ယခုနှစ် သီတင်းကျွတ်ကာလ၌ ဗုဒ္ဓဝင်၊ ရှင်မာလဲဝတ္ထု၊ ဝေဿန္တရာဇာတ်တော်နှင့် အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲကို အစဥ်အလာမပျက် ကျင်းပခဲ့ကြောင်း ရွာသားများထံမှသိရသည်။
အောက်တိုဘာလ ၄ ရက်မှ ၇ ရက်အထိ ယခင်အစဥ်အလာအတိုင်း ကျမ်းစာအုပ်များကို လာရောက်ပူဇော် ရွတ်ဖတ်သူ နှစ်ဆယ်ဦးခန့်က ဘုန်းကြီးကျောင်းတွင် ညအိပ်၍ လာရောက်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။
ယခင်က သုံးရက်ဆက်တိုက် ညလုံးပေါက် ရွတ်ဖတ်ပူဇော်ကြသော်လည်း ယခုနှစ်တွင်မူ ရွတ်ဖတ်မည့်သူများက စစ်ဘေးရှောင်နေရာမှ လာရောက်ရွတ်ဖတ်ရသည့်အပြင် လျှပ်စစ်မီးလည်း ဖြတ်တောက်ခံထားရသဖြင့် ည ၈ နာရီဝန်းကျင်အထိသာ ညစဥ်ရွတ်ဖတ်ခဲ့ရကြောင်း ရွတ်ဖတ်ပူဇော်ခဲ့သူတစ်ဦးက ပြောသည်။
“စာအုပ်တွေ ကျော်ဖတ်ရတာပေါ့။ အစနဲ့အဆုံးကို အဓိကထားဖတ်ရတယ်။ ကြားကစာအုပ်အများစု ကျော်လိုက်ရတယ်။ မီးစက်နှိုးပြီးဖတ်ရတာရော၊ လုံခြုံရေး စိတ်မချတာရောပေါ့။ ပထမစဖတ်တဲ့ ရက်မှာတောင် စစ်သားတွေ လာကြည့်လို့ နည်းနည်းလန့်သွားကြသေးတယ်” ဟု ၎င်းကပြောဆိုသည်။
ရွတ်ဖတ်ပူဇော်ပွဲအတွက် ပြင်ဆင်ရသည့် ထီးအစင်းတစ်ထောင်၊ တံခွန်ကုက္ကား တစ်ထောင်၊ ကြာပန်းတစ်ထောင် တို့ကိုမူ ပြည့်စုံအောင် စီစဥ်နိုင်ခဲ့သည်ဟု ရွတ်ဖတ်ပွဲလာရောက်သူများက ပြောပြသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ကံပေါက်ရေကန်တောင် တိုက်ပွဲပြီးနောက် စစ်အာဏာရှင်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့သဖြင့် ဇာဒီရွာမှာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး စစ်အာဏာရှင်တပ်က ရွာဝန်းကျင်တွင် ဆက်ရှိနေဆဲ ဖြစ်ကာ ရွာသားများ ယနေ့အထိ နေရပ်ပြန်မနေရဲကြသေးကြောင်း ရွာသားများထံမှသိရသည်။









ယင်းအပြင် ဇာဒီရွာကို ယခုနှစ်ဆန်းကစ၍ စစ်အာဏာရှင်တပ်က လျှပ်စစ်မီး ဖြတ်တောက်လိုက်သဖြင့် လျှပ်စစ်နှင့် အင်တာနက် ပြတ်တောက်နေသည်မှာလည်း ၆ လကျော်ကြာပြီဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
ရှင်မာလဲ၊ ဝေဿန္တရာ ရွတ်ဖတ်ပွဲကို ဇာဒီရွာအပြင် ထားဝယ်ခရိုင်အတွင်းရှိ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနှင့် ရေဖြူမြို့နယ် ကောင်းမှုရွာတို့တွင်လည်း နှစ်စဥ်ပြုလုပ်ကြပြီး ယင်းရွတ်ဖတ်ပွဲများ၏ သက်တမ်းသည် နှစ် ၅ဝ နှင့်အထက်ရှိကြောင်း ပွဲစီစဥ်သူများထံမှသိရသည်။
ဝေဿန္တရာဇာတ်တော်ရွတ်ဖတ်ခြင်းကို လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ကိုဗစ်မတိုင်မီက ပြုလုပ်လေ့ရှိသော်လည်း ယခုတွင်ကျင်းပမှု အစဥ်အလာ ပျောက်နေပြီဖြစ်ကြောင်း လောင်းလုံးဒေသခံ တစ်ဦးကပြောသည်။
ရှင်မာလဲ ဝတ္ထုတွင် ပါသည့်အတိုင်း နောက်ပွင့်မည့် အရိမေတ္တယျဘုရားရှင်ကို ဖူးခွင့်ရပြီး ကျွတ်တန်းဝင်ရန် ဂါထာတစ်ထောင်ပါသည့် ဝေဿန္တရာဇာတ်တော်ကြီးကို ပူဇော်ကြခြင်းဖြစ်ကြောင်း ညောင်ဇင်ရွာမှ ဆရာတော်တစ်ပါး ကမိန့်သည်။
ရှင်မာလဲ၊ ဝေဿန္တရာဇာတ်တော်ရွတ်ဖတ်ရာတွင်လည်း ရွတ်ဖတ်မည့်ပုဂ္ဂိုလ်ထိုင်မည့်နေရာအား ဝေဿန္တရာဇာတ်တော်လာအရ ဝေဿန္တရာမင်းကြီးက ဆင်ဖြူတော်ကိုလှူလိုက်၍ တိုင်းပြည်မှ နှင်ခံရသဖြင့်ဝင်္ကပါတောင်ခြေတွင် နေထိုင်ရသည့် ကျောင်းသင်္ခမ်းနှင့် တောဥယျာဥ်ပုံစံကဲ့သို့ ပြင်ဆင်ရွတ်ဖတ်ကြသည်ကို တွေ့ရသည်။