ထားဝယ်ရိုးရာ သပိတ်မျှောပွဲကျင်းပရန် ပြန်နေချိန်ကာလအတွင်း လောင်းလုံးဒေသခံလူငယ် ၅ ဦးကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းစေရန်အတွက် ဖမ်းဆီးသွားခဲ့ပြီး ၂ ဦးသာပြန်လွတ်လာသည်ဟု စုံစမ်းသိရှိရသည်။
ထားဝယ်မြို့ ကမ်းနားသဲကွင်း၌ ထားဝယ်ရိုးရာသပိတ် မျှောပွဲကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်သည့် အောက်တိုဘာလ ၄ ရက်နေ့ နံနက်စောစောတွင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့က လူငယ် ၅ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့်လူငယ် ၅ ဦးမှာ လောင်းလုံးမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံလူငယ်များဖြစ်ပြီး ထားဝယ်မြို့တွင် အလုပ်လုပ်ရန်သွားရောက်ချိန် စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အသက် ၁၅ နှစ်အရွယ်လူငယ် တစ်ယောက်နဲ့ နောက်တစ်ယောက် လွတ်လာတယ်။ ကျန်တဲ့ ၃ ယောက်က မလွတ်သေးဘူး”ဟု ၎င်းဒေသခံကပြောသည်။
ယင်း ၃ ဦးကို စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ထားဝယ်မြို့မှ မြိတ်မြို့သို့ ခေါ် ဆောင်သွားပြီဖြစ် ကြောင်းစုံစမ်းသိရှိရသည်။ လွတ်လာသည့် ၂ ဦးမှာ မည်သည့်အကြောင်းအရင်းကြောင့် လွှတ်ပေးလိုက်သည်ကိုမူ မသိရသေးပေ။
စစ်အာဏာရှင်တပ်သည် တနင်္သာရီတိုင်းအတွင်း စစ်မှုထမ်းစုဆောင်းမှုများကို ပုံစံမျိုးစုံဖြင့် လုပ်ဆောင်နေပြီး လောင်းလုံးဒေသခံ လူငယ်များကို ဇူလိုင်လပထမပတ်ကတည်းကစကာ စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းနေခြင်းဖြစ်သည်။
ဇူလိုင်လမှ အောက်တိုဘာလ ၄ ရက်နေ့အထိ လေးလအတွင်း လောင်းလုံးဒေသခံလူငယ် ၃၀ နီးပါ မှာ စစ်အာဏာရှင်တပ်၏ အဓမ္မစစ်မှုထမ်းအဖြစ် စုဆောင်းခံရကြောင်း Dawei Watch ၏ မှတ်တမ်းများအရသိရှိရသည်။
အဓမ္မစစ်မှုထမ်း စုဆောင်းဆောင်းခံရသူ လောင်းလုံးဒေသခံ ၃၀ နီးပါးအနက် တစ်ဦးမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့ တွင် ပလောက်မြို့အခြေစိုက် အမှတ်(၁၂ ) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှ KNLA တပ်မဟာ၄ လက်အောက်ခံ၊ KNDOတပ်ရင်း ၇၊ တပ်ခွဲ ၅ ထံသို့ လက်နက်မဲ့ ထွက်ပြေးခိုလှုံခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့ဝင်များသည့် အများအားဖြင့် လတစ်လ၏ ပထမပတ်နှင့် နောက်ဆုံးပတ်များတွင် မြို့ဝင်ထွက်ဂိတ်များကို သွားရောက်ပြီး စစ်မှုထမ်းစုဆောင်း ဖမ်းဆီးလေ့ရှိခြင်းကြောင့် လကုန်ရက်များနှင့် လစဉ်ပထမပတ်အတွင်း လူငယ်များ သတိပြုသွားလာကြရန်လည်း မြို့ခံခရီးသွားပြည်သူများက တိုက်တွန်းပြောကြားသည်။







