ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာလုပ်သား အများအပြားရှိတဲ့ ထိုင်းက Fairtex စက်ရုံကို သွားလည်ခဲ့တဲ့ အောင်လအန်ဆန်း

October 7, 2025

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာကြီး အောင်လအန်ဆန်းဟာ ထိုင်းနိုင်ငံ ဘန်ဖီမှာရှိတဲ့ Fairtex စက်ရုံဆီကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

အောင်လအန်ဆန်းဟာ ထိုင်းနိုင်ငံဆီကို ရောက်လာတိုင်းမှာ ဒီစက်ရုံဆီကို သွားရောက်လည်ပတ်နေကျ ဖြစ်တယ်လို့ သိရှိရပါတယ်။

Fight အားကစားအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ Fairtex စက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေသူ အများစုက မြန်မာလုပ်သားတွေဖြစ်ပြီး စက်ရုံရဲ့အဓိကမောင်းနှင်အားတွေလို့တောင် ပြောနိုင်ပါတယ်။

အောင်လအန်ဆန်း ရောက်လာချိန်မှာ စက်ရုံလုပ်သားတွေက ဝမ်းပန်းတသာနဲ့ ထွက်ကြိုခဲ့ကြပြီး အမှတ်ရဓာတ်ပုံတွေလည်း ရိုက်ကူးခဲ့ကြပါတယ်။

အောင်လအန်ဆန်းဟာ မနေ့တုန်းက ရော့ထန်တို့ မိသားစုနဲ့ ဆုံတွေ့ခဲ့အပြီးမှာ ဘန်ဖီက Fairtex စက်ရုံဆီကို သွားရောက်ပြီး စက်ရုံလုပ်သားတွေကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တာပါ။

ဒီစက်ရုံမှာရှိတဲ့လုပ်သားတွေထဲ ၈၀ ရာခိုင်နှုန်းဟာ မြန်မာလုပ်သားတွေဖြစ်ကြပြီး အောင်လအန်ဆန်းဟာ ကချင်ရိုးရာလွယ်အိတ်ကို လွယ်ပြီး Fairtex စက်ရုံဆီကို ရောက်သွားခဲ့တာဖြစ်ပါတယ်။

စက်ရုံလုပ်သားတွေဟာ အောင်လအန်ဆန်းကို အမှတ်တရလက်မှတ်ရေးထိုးခိုင်းခဲ့ပြီး တချို့ကလည်း အောင်လအန်ဆန်းနဲ့ အခုလိုတွေ့ဆုံခွင့်၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးခွင့်၊ အမှတ်တရလက်မှတ် ရယူခွင့်တွေ ရလိုက်တာကြောင့် Post တွေ ရေးသားလွှင့်တင်ကာ အရမ်းပဲ ပျော်ရွှင်နေကြပါတယ်။

Fairtex ဟာ ထိုင်းနိုင်ငံဆီကို အောင်လအန်ဆန်း လာရောက်လေ့ကျင့်စဉ်မှာ လေ့ကျင့်ရေးပစ္စည်းတွေနဲ့ ချွေးထုတ်ဝတ်စုံတွေ အပါအဝင် အရေးပါတဲ့ပစ္စည်းတွေကို အမြဲလိုလိုထောက်ပံ့ပေးခဲ့ပါတယ်။

Fairtex က တည်ထောင်ထားတဲ့ Fairtex Gym မှာဆိုရင်လည်း မြန်မာဖိုက်တာလေး ကျော်စွာဝင်းကို ခေါ်ယူလေ့ကျင့်ပေးနေပါပြီ။

အခု အောက်တိုဘာလနှောင်းပိုင်းကိုရောက်ရင် ကျော်စွာဝင်းက Fairtex Gym ကိုယ်စားပြုဖိုက်တာအဖြစ် ONE ပထမဆုံးပွဲစဉ်ကို ထိုးတော့မှာလည်းဖြစ်ပါတယ်။