ဆွီဒင်ခရိုနာငွေ ၇၇၅ သန်း (အမေရိကန်ဒေါ်လာ ၈၂.၅ သန်းဝန်းကျင်) တန်ကြေးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအစီအစဉ်တစ်ခုကို ဆွီဒင်အစိုးရက စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ဦးစားပေး အကူအညီပေးသွားမည့် ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။
အဆိုပါ ရန်ပုံငွေထောက်ပံ့မှုသည် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွီဒင်အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (SIDA) တို့၏ ပူးပေါင်းအစီအစဉ် ဖြစ်သည်။
ယင်းထောက်ပံ့မည့် အစီအစဉ်မှာ ယူကရိန်းအား ပိုကူညီပေးရန် မြန်မာနိုင်ငံအတွက် အကူအညီများကို ဖြည်းဖြည်းချင်း လျှော့ချမည်ဟု ဆွီဒင်အစိုးရက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက်ပိုင်း ယခုနောက်ဆုံး ထွက်ပေါ်လာသည့် သတင်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် ဆွီဒင်ခရိုနာငွေ ၂၃ သန်း (အမေရိကန်ဒေါ်လာ ၂.၅ သန်းဝန်းကျင်) ကို ၂၀၂၅ ခုနှစ်မကုန်မီ ပေးအပ်သွားမည် ဖြစ်ကြောင်း ဆွီဒင် အပြည်ပြည်ဆိုင်ရာဖွံဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (SIDA) က ဆိုသည်။
ယင်းကြောင့် ၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံက လက်ခံရရှိမည့် ဆွီဒင်၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ငွေ စုစုပေါင်းမှာ ဆွီဒင်ခရိုနာငွေ ၂၂၈ သန်း (အမေရိကန်ဒေါ်လာ ၂၄.၃ သန်းဝန်းကျင်) ဖြစ်သည်။
အဆိုပါ အကူအညီပေးရေးအစီအစဉ်သည် ပဋိပက္ခဒဏ်ခံစားနေရသော ဒေသများရှိ ပြည်သူများကို ထောက်ပံ့ကူညီရန် ဆွီဒင်အစိုးရ၏ ကတိကဝတ်ကို ပေါ်လွင်စေကြောင်း ဆွီဒင်အစိုးရ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်မှုနှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး Benjamin Dousa က ပြောသည်။
အဆိုပါ ရန်ပုံငွေခွဲဝေထောက်ပံ့မှုများမှာ မီဒီယာအာရုံစိုက်မှုရရှိရေးကဲ့သို့ ပြင်ပအကြောင်းအရာများထက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်အပေါ်သာ အခြေခံကြောင်း ဆွီဒင်အပြည်ပြည်ဆိုင်ရာဖွံဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (SIDA) ၏ ညွှန်ကြားရေးမှူးချုပ် Jakob Granit က ထပ်လောင်းပြောကြားခဲ့သည်။
အကူအညီများကို ဦးစားပေး ပေးအပ်သွားမည့် ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံအပြင် ဆူဒန် ၊ ပါလက်စတိုင်း ၊ ဆီးရီးယား ၊ ယီမင် ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ၊ တောင်ဆူဒန် ၊ နိုင်ဂျီးရီးယား ၊ အာဖဂန်နစ္စတန် ၊ အီသီယိုးပီးယားတို့ ပါဝင်သည်။
Source: ScandAsia