နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဆူဒန်နိုင်ငံမှ ဂျန်ဂျာဝိဒ်(Janjaweed) လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးအား လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု စွဲချက်များအတွက် အပြစ်ရှိကြောင်း အောက်တိုဘာလ ၆ ရက်နေ့က ဆုံးဖြတ်လိုက်သည်။
ဆူဒန်နိုင်ငံမှ ဂျန်ဂျာဝိဒ်လက်နက်ကိုင်ခေါင်းဆောင် Ali Muhammad Ali Abd-Al-Rahman သည် မုဒိမ်းမှု ၊ လူသတ်မှုနှင့် ဖိနှိပ်အနိုင်ကျင့်မှု အပါအဝင် လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု စွဲချက်ပေါင်း ၂၇ ခုတွင် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်၂၀ ကျော်က ဆူဒန်နိုင်ငံ ၊ ဒါဖာဒေသတွင် ၎င်းကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများအတွက် တရားရုံးက ယင်းသို့ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
၎င်း၏ အပြစ်ဒဏ်ကိုမူ နောက်ထပ်ကြားနာမှုများ ပြုလုပ်ပြီးနောက်တွင် ဆုံးဖြတ်သွားမည် ဖြစ်သည်။
Ali Muhammad Ali Abd-Al-Rahman ၏ အမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းခဲ့သည်။
တနင်္လာနေ့က တရားရုံး ဆုံးဖြတ်ချက်သည် ယင်းသို့ လွှဲပြောင်းခဲ့ပြီးနောက်ပိုင်းမှ ဆူဒန်နိုင်ငံမှ ရာဇဝတ်မှုများကို စီရင်ဆုံးဖြတ်နိုင်ခဲ့သည့် ပထမဆုံးသော အမှုအဖြစ် ICC အတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ဆူဒန်နိုင်ငံ ဒါဇာဒေသမှ ပဋိပက္ခသည် အာရပ်မဟုတ်သည့် သူပုန်များက ဆူဒန်အစိုးရအား လက်နက်ကိုင်ပုန်ကန်သည့် ၂၀၀၃ ခုနှစ်တွင် စတင်ပေါက်ကွဲခဲ့သည်။
နိုင်ငံ့အနောက်ပိုင်းမှ ဝေးလံခေါင်ဖျားသည့် ဒါဖာဒေသအား အစိုးရက ဘေးဖယ်ပထုတ်ထားသည်ဟု အာရပ်မဟုတ်သည့် သူပုန်များက စွပ်စွဲသည်။
ထိုစဉ်က ဆူဒန်အစိုးရသည် အဆိုပါ လက်နက်ကိုင်ပုန်ကန်မှုကို နှိမ်နှင်းရန် ဂျန်ဂျာဝိဒ်(Janjaweed) ခေါ် အာရပ်လူမျိုး အများစုပါဝင်သည့် လက်နက်ကိုင်အဖွဲ့များကို ဖွဲ့စည်းခဲ့သည်။
ဂျန်ဂျာဝိဒ်လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာပြီးနောက် အကြမ်းဖက်မှုများ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်နှင့် လူ့အခွင့်အရေးအဖွဲ့များက သတ်မှတ်ခဲ့သည်။
Source: Reuters