BREAKING
November 25, 2025

စစ်အာဏာရှင်တပ် ဂိတ်များကြောင့် သီတင်းကျွတ်ပိတ်ရက် ကျောင်းသားအများစု အိမ်မပြန်ကြဟုဆို

October 7, 2025

စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များ လမ်းတစ်လျှောက်တွင် ရှိနေသဖြင့် သီတင်းကျွတ်ကာလ ကျောင်းပိတ်သော်လည်း ဘုတ်ပြင်းမြို့နယ်နေ ကျောင်းသားအများစု နေရပ်မပြန်ကြကြောင်း အခြေခံကျောင်းသားများနှင့် ကားသမားအချို့ထံမှ သိရသည်။

မြိတ်မြို့တွင် ကျောင်းသွားတက်သည့် အခြေခံပညာကျောင်းသားများက သီတင်းကျွတ်ကာလ ကျောင်းပိတ်ချိန်ရောက်တိုင်း မိဘအုပ်ထိန်းသူများရှိရာ ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအသီးသီးသို့ ပြန်ကြလေ့ရှိသည်။

အာဏာမသိမ်းမီကတည်းက ဘုတ်ပြင်းမြို့နယ်နေ အခြေခံပညာကျောင်းသားများက မြိတ်မြို့ရှိကျောင်းများတွင် သွားရောက်ပညာသင်ယူနေကြရာက နောက်ပိုင်းတွင် စစ်ရေးအရှိန်မြင့်လာသည့်အတွက် မြိတ်မြို့တွင် ကျောင်းသွားတက်သူ ပိုများလာသည်။

ယခုအချိန်တွင်မူ ကားခနှင့် လမ်းပိုင်းရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များကို ပေးရသည့် ကုန်ကျစရိတ်များလွန်းသည့်အတွက် အိမ်မပြန်သူပိုများနေကြောင်း ကျောင်းသူတစ်ဦးက ဆိုသည်။

“ကားခက (ကျပ်) ငါးသောင်းဆို လမ်းမှာပေးရတဲ့ ဂိတ်ကြေးက တစ်သိန်းနီးပါးလောက်ရှိတယ်။ အသွားအပြန်ဆိုပဲ ၃သိန်းနီးနီးကုန်ပြီလေ။ သီတင်းကျွတ်ဆိုတော့ အိမ်ကိုပြန်ချင်ကြတာပေါ့။ စရိတ်နဲ့ တွက်ကြည့်ရင် မိဘတွေကိုငဲ့ရသေးတယ်လေ။ ကျောင်းကြီးပိတ်(နွေရာသီ)မှပဲ ပြန်တော့မယ်”ဟု ဘုတ်ပြင်းမြို့နယ်မှ မြိတ်မြို့တွင် အထက်တန်းအဆင့်ပညာသင်ယူနေသည့် အထက်ပါကျောင်းသူက ပြောသည်။

မြိတ်-ဘုတ်ပြင်းလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် ဆယ်ချီရှိပြီး အစစ်အဆေးလည်း ပိုမိုတင်းကျပ်နေကာ ငွေကြေးလည်းပိုတောင်းလာကြကြောင်း ခရီးသွားအချို့ထံမှ သိရသည်။

မြိတ်-ဘုတ်ပြင်းခရီးအကွာအဝေးမှာ ၁၄၃ မိုင်ဝန်းကျင်ရှိပြီး ကားခနှုန်းထားက ခရီးအကွာအဝေးအလိုက် ကျပ်သုံးသောင်းမှ ကျပ်ငါးသောင်းဝန်းကျင်အထိရှိကြောင်း စုံစမ်းသိရသည်။

မြိတ်-ဘုတ်ပြင်းပြေးဆွဲနေသည့် လိုင်းကားသမားတစ်ဦးကလည်း ယခုနှစ်တွင် နေရပ်ပြန်သည့်ကျောင်းသူ၊ကျောင်သား နည်းပါးလာသည်ဟု ဆိုသည်။

“အရင်ကထက်စာရင် ကျောင်းပိတ်ရက်တွေ ခရီးသည်လိုက်တာနည်းသွားတယ်။ ကုန်ကျစရိတ်တွေလည်း များတာကိုး။ ကျွန်တော်တို့ကားသမားတွေလည်း အဆင်မပြေပါဘူးဗျာ။ ခရီးသွားတွေက တအားနည်းလာတယ်”ဟု အဆိုပါလိုင်းကားမောင်းသူက ပြောသည်။

မြိတ်-ဘုတ်ပြင်းလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ မကြာခဏတ ိုက်ပွဲဖြစ်ပွားနေပြီး စက်တင်ဘာလ (၂၉)ရက်နေ့ကလည်း တုံးဗျောကြီးလမ်းဆုံတွင်ရှိသည့် စစ်အာဏာရှင်တပ်ဂိတ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သေးသည်။

ထိုကဲ့သို့ တိုက်ခိုက်ပြီးချိန်တွက် စစ်အာဏာရှင်တပ်သားများက အင်အားတိုးချဲ့ ကာ ပြည်ထောင်စုလမ်းတွင် သွားလာနေသည့်ယာဉ်များကို စစ်ဆေးမှုများတင်းကျပ်နေကြောင်း ခရီးသွားအချို့ထံမှ သိရသည်။