BREAKING
October 31, 2025

ကလိန်အောင်-မလွှဲတောင်လမ်းပိုင်း ပစ်ခတ်မှု ယာဉ်မောင်းနှင့် ယာဉ်အကူနှစ်ဦးသေဆုံး၊ ကားတစ်စီးမီးလောင်

September 7, 2025

ရေဖြူမြို့နယ်၊ ရေး – ထားဝယ်ကားလမ်း ၊ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းရှိ မရမ်းချောင်းရွာအထွက်တွင် စက်တင်ဘာလ ၆ ရက်က လမ်းပြန်ဖွင့်ပြီး နာရီပိုင်းအကြာတွင် ပစ်ခတ်မှုများဖြစ်ကြောင်း လမ်းတွင်ပိတ်မိနေသည့် ကားသမားများထံမှ သိရသည် ။

ယင်းပစ်ခတ်မှုများအတွင်း ခြောက်ဘီးတပ် ကုန်တင်ယာဥ် ယာဉ်မောင်းတစ်ဦး နှင့် ယာဉ်အကူတစ်ဦးတို့ ကျည်ထိမှန်သေဆုံးပြီး ကားလည်း မီးလောင်ပျက်စီးကြောင်း မျက်မြင်ကြုံခဲ့ရသည့် ကားသမားတစ်ဦးက ပြောသည်။

” ၂ နာရီ ဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေကြားရတော့ ကားတန်းစီထားတဲ့အဖွဲ့က ပြန်လှည့်တယ်။ ကားအငယ်တွေပဲ ပြန်လှည့်မီတယ်။ ကားအကြီးတွေက ကျန်ခဲ့တယ်။ အဲဒီမှာ နှစ်ယောက်ထိသွားတယ်။ အဲဒါ ပစ်နေခတ်နေကြတော့ ဘယ်သူမှလည်း ဝင်ဆွဲမရဲတော့၊ အသံစဲမှ ၂ နာရီ ၄၅ မိနစ်လောက် သွားကြည့်တာ ကားက မီးစွဲသွားပြီ” ဟု ၎င်းက ပြောဆိုသည်။

မီးလောင်ပျက်စီးသွားသည့် ကားအနီး၌ ကျည်ထိမှန်ရာများဖြင့် လမ်းဘေးထိုးကျနေသည့် မှန်လုံယာဥ်တစ်စီးနှင့် ကုန်တင်ယာဉ်တစ်စီးကိုလည်း တွေ့ရကြောင်း ကားသမားများထံမှသိရသည်။

ပစ်ခတ်မှုအတွင်း ခြေထောက်အောက်ပိုင်း ကျည်ထိမှန်ဒဏ်ရာရသူ ကားသမားတစ်ဦးလည်း ထားဝယ်ဆေးရုံသို့ ရောက်နေကြောင်း ကားသမားများထံမှ သိရသည်။

ပစ်ခတ်သံများကြောင့် ပြေးလွှာထွက်ပြေးစဥ် ထိခိုက်ပွန်းပဲ့ဒဏ်ရာရသည့် ခရီးသည်အချို့လည်း ရှိကြောင်း ယင်းဖြစ်စဥ်အနီးရှိခဲ့သည့် ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ကာ ထွက်ပြေးသွားရသည့် ကားသမားအချို့ ၏ လက်ကိုင်ဖုန်းများ နှင့် ငွေသား ကျပ်သိန်းသုံးဆယ်နီးပါးလည်း ပျောက်ဆုံးနေကြောင်း ကာကယံရှင်များ နှင့် နီးစပ်သူများထံမှသိရသည် ။

အဆိုပါ ကားမီးလောင်မှုကို စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးတပ်များဘက်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြနေကြသည် ။

မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုမှ ဒေါနစစ်ကြောင်း ၃ တာဝန်ခံကမူ စစ်အာဏာရှင်တပ်က မီးရှို့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“အသေးစိတ်သိအောင် စုံစမ်းဖော်ထုတ်နေတယ်။ ပြည်သူလူထုကို သိသင့်သလောက် ပြန်ချပြဖို့ရှိတယ်။ အခုလိုမျိုး မီးရှို့ဖျက်ဆီးတာကတော့ စကစလုပ်တာပဲ။ ပြီးမှ မကောင်းတဲ့ဟာကို PDF ကို ရိုးချတာ။ အဲဒါက သူတို့လုပ်နေကျအလုပ်ပဲ ” ဟု ၎င်းက ပြောသည်။

ယင်းဖြစ်စဥ်ဖြစ်ပြီးခဲ့သည့် မရမ်းချောင်းရွာ၏ တစ်ဖက်တစ်ချက်စီဖြစ်သည့် ကော့လှိုင်ရွာနှင့် ရာဖူးရွာဘက်တို့တွင် စက်တင်ဘာလ ၆ရက်က အဆိုပါဖြစ်စဥ်ဖြစ်ချိန်နှင့် ဖြစ်ပြီးနောက်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများ နှစ်ဖက်စလုံးရှိနေကြကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် ယာဥ်မောင်းက ပြောဆိုသည်။

ကလိန်အောင် – မလွှဲတောင်အပိုင်းကို စက်တင်ဘာလ ၆ ရက်တွင် ပြန်ဖွင့်ပေးခဲ့ပြီး စက်တင်ဘာလ ၈ ရက်အထိ ကနဦး သုံးရက် အခြေအနေစောင့်ကြည့်ကာ ဖွင့်ထားကာ သုံးရက်နောက်ပိုင်း ဆက်ဖွင့်မဖွင့်ကိုမူ ပြန်အသိပေးမည်ဟု တော်လှန်ရေး အင်အားစုများဘက်က ပြောဆိုထားသည် ။

စက်တင်ဘာလ ၇ ရက်ညနေပိုင်း အထိ သွားလာ၍ ရနေဆဲဖြစ်ပြီး လမ်းမပေါ်၌ လမ်းပိတ်ရန် အဟန့်အတား ပြုလုပ်ထား သည့် သစ်ပင်များ ၊ သစ်သားခုံများ ၊ ခြင်းတောင်းများ အပြင် ပစ်ခတ်မှုဖြစ်ပွားစဉ် ထိခိုက်ပျက်စီးခဲ့ရသည့် ကားများ လမ်းပေါ်တွင်ရှိနေဆဲဖြစ်သဖြင့် ရှောင်ကွင်း၍ သွားလာရကြောင်း ကားသမားများက ဆိုသည်။

ပုံစာ – မရမ်းချောင်းရွာအထွက်တွင် ပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့်ကားများအား တွေ့ရစဥ် ။