BREAKING
October 19, 2025

တနင်္သာရီ ရမ်းဖိုရွာတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးနှစ်ဦးအပါ သုံးဦးဒဏ်ရာရ

August 7, 2025

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အာဏာရှင် တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အရပ်သားသုံးဦး ဒဏ်ရာကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ရမ်းဖိုရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို ဗိုလ်ခရင်းတပ်ဖွဲ့က ယနေ့ ဩဂုတ်လ ၇ ရက် မွန်းလွဲ ၁နာရီ ကျော်တွင် သွားရောက်တိုက်ခိုက်ရာ ၁၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ညောင်ပင်ကုန်းရွာ၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ရမ်းဖိုရွာအတွင်းသို့ လက်နက်ကြီးဖြစ် ပစ်ခတ်ရာ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါနေအိမ်အတွင်းရှိနေသည့် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

အသက်၁၅နှစ်အရွယ် ကလေးနှစ်ဦးတွင် တင်ပါးဒဏ်ရာ၊ နံရိုးဘေးဒဏ်ရာ (မစိုးရိမ်ရ) ပြီး အသက် ၄၀နှစ်အရွယ် အမျိုးသမီးတွင်မူ တင်ပါးနှင့် ဦးခေါင်းထိသွားသည့်အတွက် မြိတ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

“အိမ်ရှင်တစ်ယောက်နဲ့ စစ်ရှောင်နှစ်ယောက် ထိသွားတယ်။ အိမ်လည်း ပျက်စီးသွားတယ်။ လက်နက်ကြီးက သူတို့ ပစ်ချင်တဲ့အချိန်လည်း ထပစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ဖြစ်ပွားသည့် နှစ်ဖက်ပစ်ခတ်မှုတွင် စစ်အာဏာရှင်တပ်သား သုံးဦးသေဆုံးပြီး ဗိုလ်ခရင်းတပ်ဖွဲ့ဘက်ကမူ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်တပ်သားများ သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်အာဏာရှင်တပ်သားများသည် ဇူလိုင်လ ၉ရက်မှ ယနေ့ ဩဂုတ်လ ၇ရက်အထိ ရမ်းဖိုရွာတွင် လာရောက်တပ်စွဲထားပြီး ပြည်ထောင်စုလမ်းပေါ်တွင်လည်း စစ်ဆေးရေးဂိတ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။