BREAKING
October 20, 2025

စစ်အာဏာရှင်တပ် ပစ်သည့်လက်နက်ကြီးကျည် လောင်းလုံးမြို့ပေါ် ကျရောက်ပေါက်ကွဲ

August 7, 2025

လောင်းလုံးမြို့ပေါ် လူနေရပ်ကွက်အတွင်း ယနေ့ သြဂုတ်လ ၇ရက် ညနေ ၅ နာရီခွဲခန့်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။

လောင်းလုံးမြို့မရဲစခန်းရှိ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သုံးလုံးသည် (ဃ) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအရှေ့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း လောင်းလုံးမြို့ခံတစ်ဦးက ဆိုသည်။

“ဆိုင်ရှေ့ကိုကျတာ။ တံခါးတွေ ပျက်(စီး)သွားတယ်။ အဲဒီချိန် လူတွေလည်း အပြင်မှာရှိနေကြတာ၊ လူတွေမထိတာ တော်တော်ကံကောင်းတယ်” ဟု ၎င်းက ပြောဆိုသည်။

Dawei Watch က ကြည့်ရှုခဲ့ရသည့် ဓာတ်ပုံများတွင် လက်နက်ကြီးကျည်ထိမှန်သည့်အတွက် အိမ်ရှေ့မျက်နှာစာရှိ အုတ်နံရံနှင့် သံတံခါး၏ အောက်ခြေ ကြေမွသွားသည်ကို တွေ့ရသည်။

ကျန်သည့် လက်နက်ကြီးကျည် နှစ်လုံးသည်လည်း ယင်းနေရာအနီးအနားတွင်ပင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

လောင်းလုံးမြို့နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လောင်းလုံးမြို့မရဲစခန်းရှိ စစ်အာဏာရှင်တပ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။

စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သည်ကို သေသေချာချာ မသိရသေးပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်ကလည်း ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲသည့်အတွက် လောင်းလုံးမြို့အနီးရှိ ပဉ္စသီမော်ရွာက အသက် ၆၂ အရွယ် ဦးဉာဏ်စော ပွဲချင်းပြီး သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရသွားခဲ့သည်။