စစ်အာဏာရှင်တပ်က စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၆ အတွက် ဖမ်းဆီးစုဆောင်းထားသည့် ထားဝယ်မြို့ခံ လူငယ်များ ကို သြဂုတ် ၆ ရက်တွင် ကျန်းမာရေးဆေးစစ်ကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
သြဂုတ်လ ၄ရက်တွင် စစ်အာဏာရှင်တပ်သားများသည် ထားဝယ်မြို့ပေါ်ရှိ ရှမ္မလည်ဆွဲ၊ တလိုင်းထိန်၊ ဥဿရံရပ်ကွက် တို့တွင် နေထိုင်သည့် လူငယ် ၁၁ ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရရာတွင် ပါဝင်သူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“စစ်တပ်ဆေးရုံမှာပဲ (ဆေး) စစ်တာ” ဟု ၎င်းက ပြောသည်။
၎င်းတို့ကို ထားဝယ်မြို့ အခြေစိုက် အမှတ် ၁၂ ကုတင် ၁၀၀ စစ်ဆေးရုံတွင် ဆေးစစ်ခဲ့ကြောင်း စုံစမ်းသိရသည်။
စစ်မှုထမ်းအတွက် ဖမ်းဆီးစုဆောင်းခံရသည့် စုဆောင်းထားသည့် အဆိုပါလူငယ်များကို လာမည့်ရက်ပိုင်းအတွင်း စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်မည်ဟုကြားသိရကြောင်း အထက်ပါ နီးစပ်သူက ပြောဆိုသည်။
“အိမ်က (မိသားစုဝင်) လိုက်တွေ့ကြတာလည်း တွေ့လို့မရဘူး။ (လူငယ်တွေ) အဖမ်းခံထားရတာတော့ တော်တော်များတယ် ကြားတယ်” ဟုလည်း ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူများ၏ မိသားစုဝင်အချို့ သွားရောက်တွေ့ဆုံရန်ကြိုးပမ်းရာတွင် တွေ့ခွင့်မရဘဲ ဆေးစစ်ဆေးပြီးဖြစ်သည်ဟုသာ သိခွင့်ရခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
စစ်ကောင်စီက အာဏာတည်ကြောင်း ကြေညာခဲ့သည့် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများကို ဦးစွာ ဆေးစစ်ရမည်ဖြစ်ပြီး ဆေးအောင်သူများကိုသာ စစ်မှုထမ်းသင်တန်းတက်ခိုင်းရမည်ဖြစ်သည်။
လက်ရှိတွင်မူ ထားဝယ်မြို့တွင် လူငယ်များကိုဖမ်းဆီးပြီးမှ အဖမ်းခံရသူများ၏ မိသားစုဝင်များထံ စစ်မှုထမ်းဆင့် ခေါ်စာပေးပို့ခြင်း၊ ဆေးစစ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။
စစ်အာဏာရှင်တပ် ထိန်းချုပ်ထားသည့် ထားဝယ်မြို့တွင် ပြီးခဲ့သည့် နှစ်ပတ်ခန့်အတွင်း စစ်မှုထမ်းခိုင်းရန် အတွက် နေအိမ်များကို ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ဖမ်းဆီးခြင်းနှင့် မြို့အဝင်အထွက်ဂိတ်များတွင် ဖမ်းဆီးခြင်းကြောင့် အဖမ်းခံရသူများ အများအပြားရှိခဲ့သည်။
စစ်အာဏာရှင်တပ်က စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးစုဆောင်းထားသူများကို ထားဝယ်မြို့ သပြေချောင်းတပ်နယ်ရှိ အမှတ် ၄၀၁ ခြေမြန်တပ်ရင်းတွင် စုဆောင်းထားလေ့ရှိပြီး ထိုမှတစ်ဆင့် ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းထံ ရေလမ်းဖြင့် ပို့ဆောင်လေ့ရှိကြောင်း စုံစမ်းသိရသည်။
တနင်္သာရီတိုင်းတွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းအပတ်စဉ် ၁၅ ကို ပြီးခဲ့သည့် ဇူလိုင်လမှစ၍ သင်တန်းပေးနေပြီ ဖြစ်သည်။