ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လူငယ်လေးဦးကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း မြိုခံခရီးသွားများနှင့် ဖမ်းဆီးခံရသည့် လူငယ်များနှင့်နီးစပ်သူများထံမှ သိရသည်။
စစ်အာဏာရှင်၏ အဓမ္မစစ်မှုထမ်းစုဆောင်းရေးအဖွဲ့မှာ ဩဂုတ်လ ၅ ရက် နေ့ နံနက်စောစောပိုင်း၌ ထားဝယ်မြို့မှ ကမြောကင်းတံတားသို့ ကားသုံးစီးဖြင့်ရောက်ရှိလာပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များကိုတားကာ လူငယ်များကို မှတ်ပုံတင်၊ ဖုန်း စသည့် ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း ဒေသခံခရီးသွားများကပြောသည်။
ယင်းနောက် နံနက် ၁၀ နာရီခန့်တွင် လူငယ်ဆယ်ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တွေရှိခဲ့ရသည်ဟု ခရီးသွားများကပြောသည်၊။
,ယင်းသို့ဖမ်းဆီးခံရခြင်း နှင့်ပတ်သက်ပြီး Dawei Watch မှ ဆက်လက်စုံစမ်းခဲ့ရာ လူငယ်တစ်ဆယ်ကျော်တွင် ၄ ဦးကို စစ်မှုထမ်းအဖြစ်စုဆောင်းခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ကျန်လူငယ်ထဲမှ အချို့ကို ပြန်လွှတ်လိုက်ကြောင်း သိရသော်လည်း အတည်မပြုနိုင်သေးပေ။
စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံလိုက်ရသည့် လူငယ်၄ ဦးမှာ လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာမှ လူငယ်တစ်ဦးနှင့် အခြားကျေးရွာမှာ ၃ ဦးတို့ဖြစ်ကြောင်းသိရှိရသည်။
“အဲနေ့က ကားသုံးစီးနဲ့ လာဖမ်းတာ တွေ့ရတယ်။ ဖုန်းစစ်တယ် မှတ်ပုံတင်စစ်တယ်။ တစ်ခုခု နဲ့ ငြိလို့ကတော့ ခေါ်ထားလိုက်တယ် ခေါ်ထားတဲ့လူတွေအများကြီးဘေးမှာ ထိုင်ခိုင်းထားတာ” ဟုကိုယ်တိုင်ကြုံရသည့် ခရီးသွား ဒေသခံတစ်ဦးကပြောသည်။
ဇူလိုင်လဆန်းမှ စ၍ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်၌ လူငယ်များကို စစ်အာဏာရှင်တပ်က စစ်ဆေးဖမ်းဆီးနေသည်မှာ ဩဂုတ်လ ၅ ရက်နေ့အထိ ဆိုလျင်သုံးကြိမ်ရှိပြီး လူငယ် ၁၆ ဦးအထိ စစ်မှုထမ်းအဖြစ်ဖမ်းဆီးခံရပြီးဖြစ်ကြောင်း Dawei Watch သတင်းမှတ်တမ်းအရသိရသည်။
ထိုသို့ စစ်မှုထမ်းစုဆောင်းခံရပြီးသည့် နောက်ပိုင်းမှ စ၍ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်ဘက်မှ ခရီးသွားများမှာ ကမြောင်ကင်းတံတားဘက်မှ ဖြတ်သန်းသွားလာမှု နည်းပါးလာသည်ကို တွေ့ရှိရကြောင်း မြို့ခံတစ်ဦးကပြောသည်။
“အခုနောက်ပိုင်း လူငယ်တွေ ဆိုင်ကယ်နဲ့ မြို့တက်လာတာ နည်းလာတယ်။ ခရီးသည်တင်ကားမှာဆိုလည်း လူငယ်ပိုင်းတွေ မတွေ့ရတော့ဘူး”ဟု ၎င်းကပြောသည်။
ယင်းအပြင်စစ်ကောင်စီတပ်မှ ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင်လည်း ညဘက် ဧည့်စာရင်းစစ်ဆေးပြီး လူငယ်များကို အဓမ္မစစ်မှူထမ်းအဖြစ်ဖမ်းခေါ်ခြင်းများဆက်တိုက် လုပ်ဆောင်နေ ကြောင်းလည်း မြိုခံများထံမှသိရှိရသည်။
ဩဂုတ်လ ၆ ရက်နေ့ ညကလည်း ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်ရှိ သဲကျောက်လုပ်ငန်းခွင်တစ်ခုကို စစ်အာဏာရှင်တပ်က ဝင်ရောက်ရှာဖွေခဲ့ကြောင်း စုံစမ်းသိရှိရပြီး စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရခြင်းများရှိမရှိ ကိုမူဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။