ကော်သူးလေတပ်မှ ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ဖွဲ့ဝင်များကို မေတ္တာ-ထီးခီးလမ်းတွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU မြိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ ၆ ရက်က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၆ ရက် နံနက် ၁၀ နာရီတွင် မေတ္တာမြို့အနီးတဝိုက်မှာ လုံခြုံရေးယူရန် KNLA တပ်သားများက သွားလာနေစဉ် ဗိုလ်အယ်ခွီး(ခ)ကော်လာဖိုး ဦးဆောင်သည့် KTLA ဆာကဆောတပ်မက ဆင်ဖြူတိုင်ရွာအနီးက ဘုန်းကြီးကျောင်းအနီးတွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး KNLA တပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ(၄) ထံကသိရသည်။
KNU/KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူ ထိန်းချုပ်ထားပြီးနောက် ထီးခီးနယ်စပ်ပြန်ရရေးအတွက် စစ်အာဏာရှင်တပ်က မေတ္တာဗျူဟာစခန်းမှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးရန်ပြင်နေသည်။
ထီးခီးနယ်စပ်ကို KNU/KNLAနှင့် PDF ပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်ထားပြီး လမ်းတစ်လျောက် လုံခြုံရေးယူထားစဉ် ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မက မေတ္တာ-ထီးခီးလမ်းကို မည်သူမျှဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဇူလိုင်လထဲတွင် စာထုတ်ထားသည်။
နယ်မြေစိုးမိုးထိန်းချုပ်ထားသည့် KNLA လုံခြုံရေးတပ်ဖွဲ့နှင့် ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မတို့ ဇူလိုင်လထဲတွင် ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၉ ရက်က ထိတွေ့တိုက်ပွဲတွင် KNLA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများနှင့် KNU ဘက်က ထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး ဗိုလ်အယ်ခွီးနှင့် ဆာကဆောတပ်မ သတင်းနှင့်ပြန်ကြားရေးဌာနကို စာပို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိပေ။